၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် လူ ၃၅ ဦး မီးရှို့သတ်ဖြတ်ခြင်းခံထားရသည့်အပေါ် တရားခံများကို စုံစမ်း စစ်ဆေးအရေးယူပေးရန် ကုလလုံခြုံရေးကောင်စီက ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက်က တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ထွက်ပြေး တိမ်းရှောင်ခဲ့ကြသူများသည် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်ကို တပ်မတော် ၏ လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခြင်းဖြစ်သည်ဟု ပြောသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ဖြေရှင်းခြင်း မရှိသေးပေ။

ထို့ကြောင့် ဒီဇင်ဘာ ၂၉ ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဖရူဆိုဖြစ်စဉ်အရေး ဆွေးနွေးခဲ့ပြီးနောက် ကျူးလွန်သူများကို စုံစမ်းစစ်ဆေးအရေးယူပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက “ ပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ တရားခံတွေကို စုံစမ်းစစ်ဆေး အရေးယူပေးဖို့ လိုအပ် ပါတယ်။ စစ်ကောင်စီအနေနဲ့လည်း အရပ်သား ပြည်သူတွေရဲ့ လုံခြုံရေးနဲ့လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်ပါ တယ်”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

ထို့နောက် အရပ်သားများ သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဖရူဆိုမြို့နယ်အတွင်းဖြစ်ပွားခဲ့သော မီးရှို့သတ်ဖြတ်ခံရသည့် ၃၅ ဦးတွင် Save The Children အဖွဲ့မှ ဝန်ထမ်း ၂ ဦး ပါဝင် သလို အမျိုးသမီးနှင့် ကလေးငယ်များလည်း ပါဝင်ကြကြောင်း သိရသည်။ ထို့ပြင် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေး တပ်ဦး(ကလလတ)မှ အသွင်ပြောင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

 

ဆက်စပ်သတင်း---https://cnimyanmar.com/index.php/political/politics-local/3267-2021-12-29-09-33-25