CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၀

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(United Nations Food and Agriculture Organization-FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာယုကာမာကီနို (Dr Yuka Makino)သည် နစက၏ နိုင်ငံ ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ သြဂုတ် ၃၀ ရက်နေ့က ခန့်အပ်လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာယုကာမာကီနိုသည် ဂျပန်နိုင်ငံရှိ International Christian University မှ ဘွဲ့ကြိုနှင့် ကုန်းတွင် ဂေဟ စနစ် စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့နှင့် PhD ရရှိထားသည်။ ထို့နောက် သူမသည် အိန္ဒိယနိုင်ငံတွင် ၁၄ နှစ်ကြာ နေထိုင်ခဲ့ပြီး ဟိန္ဒီဘာသာစကားကို တတ်မြောက်ထားသည်။

သူမသည် ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် သဘာဝပတ်ဝန်းကျင် အရာရှိအဖြစ် လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ရှိ Japan International Cooperation Agency ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရာရှိအဖြစ် လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ နီပေါနိုင်ငံတွင် ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဆိုင်ရာ ကျမ်းကျင်သူအဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့ဖူးသည်။

ဒေါက်တာယုကာမာကီနိုကို တွေ့ရစဉ်

ထို့နောက် ဒေါက်တာယုကာမာကီနိုသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ ကမ္ဘာ့ဘဏ်တွင် အကြီးတန်း သဘာဝ အရင်းအမြစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရာရှိ တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာယုကာမာကီနိုကို ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ FAO ကိုယ်စားလှယ်အဖြစ် မခန့်အပ်မီ အီတတလီ နိုင်ငံ၊ ရောမမြို့ရှိ ကုလသမဂ္ဂ၏ FAO ရုံးချုပ်မှ သစ်တောဌာနခွဲတွင် ရေနှင့် တောင်များအဖွဲ့ အတွက် အကြီးတန်း သစ်တောအရာရှိနှင့်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ဒေါက်တာယုကာမာကီနိုကို ကုလသမဂ္ဂက ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ FAO ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ သူမသည် အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့ဥရောပနှင့် အာဖရိက တစ်ဝှမ်းရှိ နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ကွန်ဂိုနိုင်ငံရှိ WHO ရုံးတွင် တာဝန် ထမ်းဆောင်ခဲ့စဉ်က ဒေါက်တာယုကာမာကီနိုကို တွေ့ရစဉ်

အလားတူ အာဖရိက၊ ကွန်ဂိုနိုင်ငံရှိ WHO ရုံးတွင် သွားနှင့်ခံတွင်းကျန်းမာရေးဌာန အရာရှိအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ ဖူးသည်။

ဒေါက်တာယုကာမာကီနိုသည် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် စီမံခန့်ခွဲမှု၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စသည့် လုပ်ငန်းများတွင် နိုင်ငံတကာအတွေ့အကြုံ ၂၇ နှစ်ကျော် ရှိကြောင်း သိရသည်။