ဂျကာတာ၊ ဒီဇင်ဘာ ၃၀

ကမ်းလွန်ပင်လယ်ပြင်မှာ သောင်တင်နေသည့် ဘင်္ဂါလီဒုက္ခသည် (မူရင်း-ရိုဟင်ဂျာ)များကို တင်ဆောင်လာသည့် စက်လှေ တစ်စင်းကို ခိုလှုံခွင့်ပေးရန္ အကူအညီပေးရေး အဖွဲ့အစည်းများက တောင်းဆိုခဲ့ပြီးနောက် အင်ဒိုနီးရှားအစိုးရက စက်လှေကို ဆိုက်ကပ်ခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာလိုက်သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ စက်လှေပေါ် ပါလာသူများကို နိုင်ငံတကာက ခိုလှုံခွင့်ပေးရန် တိုက်တွန်းမှုများ ရှိလင့်ကစား အစားအစာ၊ ဆေးဝါးနှင့် ရေများသာ ထောက်ပံ့ပေးမည်ဟု ဆူမတြားကျွန်း အနောက်ဘက်ရှိ အာချေးပြည်နယ်မှ ဒေသဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၈ ရက်၌ ပြောကြားထားခဲ့သည်။

“ ဒီနေ့တော့ အင်ဒိုနီးရှားအစိုးရဟာ ဘီရီယန်ခရိုင်၊ အာချေးမြို့အနီးမှာ လှေပေါ်မှ ဘင်္ဂါလီဒုက္ခသည် တွေကို လူသားချင်း စာနာစိတ်နဲ့ ခိုလှုံခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု အင်ဒိုနီးရှားလုံခြုံရေးဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် အာမက်ဝီဂျာယာက ဒီဇင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ပုံ-အင်ဒိုနီးရှားနိုင်ငံ အားချေပြည်နယ်အတွင်းက လုံခြုံရေးတပ်ဖွဲ့၀င်တစ်ဉီးကိုတွေ့ရစဉ်။

“လှေပေါ်မှာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို သုံးသပ်ပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ဒုက္ခသည်အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

သောင်တင်နေသည့် ယင်းစက်လှေသည် ရက်ပိုင်းအတွင်း နစ်မြှုပ်သွားမည့် အန္တရာယ်ရှိနေကြောင်း တံငါသည်နှစ်ဦးက ဒီဇင်ဘာ ၂၉ ရက်၌ ရိုက်တာသတင်းဌာနသို့ ပြောသည်။

“လှေက နစ်နိုင်တဲ့နေရာ နှစ်နေရာရှိနေတယ်။ လှေထဲမှာ ရေတွေအများကြီး ဝင်နေပြီ” ဟု တံငါသည် တစ်ဦးဖြစ်သူ အဒီတယာစီတီဝမ်က ပြောသည်။ ရိုက်တာမှ ရရှိသည့် ဗီဒီယိုဖိုင်တစ်ခုတွင် လူဆယ်ဂဏန်းမျှသည် တန်းစီလျက် စက်လှေသစ်သားကြမ်းပြင်၏ ကုန်းပတ်အောက် ပြွတ်သိပ်စွာ ရှိနေပုံရကြောင်း တွေ့ရသည်။

ပင်လယ်ပြင် ငြိမ်သက်သည့်ကာလ နှစ်စဉ် နိုဝင်ဘာလမှ ဧပြီလအတွင်း မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား စသည့်နိုင်ငံများသို့ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်ဆလင် ဒုက္ခသည်များ ရွက်လွှင့်ကြသည်မှာ နှစ်များစွာ ရှိပြီဖြစ်သည်။

Source: Aljazeera