CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုရှင် ကိုလူမင်းသည် ယနေ့ (ဒီဇင်ဘာ ၃၀ ရက်)တွင် အင်းစိန်အကျဉ်းထောင် တရားရုံး ကနေ ထောင်ဒဏ် ၃ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ကိုလူမင်း၏ မိသားစုဝင်အသုံးပြုသည့် Ayarwady Lu Min ဆိုသည့် ဖေ့စ်ဘွတ်ခ်အကောင့်က “၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် ကိုလူမင်းကို ထောင်ဒဏ် ၃ နှစ် အမိန့်ချလိုက်ပါတယ်”ဟု ရေးသားဖော်ပြခဲ့သည်။

ကိုလူမင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရဖြုတ်ချခံရပြီးနောက် ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြပွဲ များတွင် အနုပညာအသိုင်းအဝိုင်းနှင့်အတူ ပါဝင်ခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ဘက်ရှိ နေအိမ် တစ်အိမ်မှာ ဖမ်းဆီးခံလိုက်ရသည်။

ထို့နောက် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲခံရပြီး အင်းစိန်အကျဉ်းထောင်ထဲကနေ အမှုရင်ဆိုင်နေခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၃၀ ရက်)တွင် ထောင်ဒဏ် ၃ နှစ်ကျခံစေရန် တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။

ကိုလူမင်းသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်သည်။ အလားတူ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အောင်နိုင်ရေးမှာ ပါဝင်ခဲ့သည်။