ဖနွမ်ပင်၊ ဒီဇင်ဘာ ၃၀
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သူ၏အသက် ၇၂ နှစ်အရွယ်တွင် ရာထူးမှ နားသည့်အခါ အစိုးရအဖွဲ့ အကြီးအကဲ အနေဖြင့် အငြိမ်းစားယူရန် လိုအပ်သည့် အသက်အရွယ် အပိုင်းအခြား ဥပဒေတစ်ရပ်ကို အဆိုပြု သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖနွမ်ပင်ပို့စ်ဝက်ဆိုက်က ရေးသားဖော်ပြသည်။
ဒီဇင်ဘာ ၂၉ ရက်က ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနရှိ အတွင်းဝန်ရုံးသစ် ဖွင့်ပွဲအခမ်းအနားသို့ သဘာပတိအဖြစ် တက်ရောက်စဉ် ဟွန်ဆန်က ၎င်းအဆိုပြုမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဟွန်ဆန်က “ဝန်ကြီးချုပ်ရာထူးက နားရင် ရာထူးကနေ အငြိမ်းစားယူရမယ့် အသက်အရွယ်ကို သတ်မှတ်ပေးမယ့် ဥပဒေတစ်ရပ်အနေနဲ့ အဆို တင်သွင်းထားသူတွေရဲ့ဆန္ဒ ဖြည့်ဆည်းပေးဖို့ ကြိုတင်ကြေညာထားပါတယ်။ ကျနော် လုပ်လိုက် ပါ့မယ်။ အငြိမ်းစားယူစေချင်တဲ့ အသက်အရွယ် ဘယ်လောက်ထားချင်လဲ” ဟု ပြောသည်။
ထို့နောက် ဆက်လက်ပြီး ၎င်းက “ဒီရက်ပိုင်းမှာ ဆိုရှယ်မီဒီယာမှာ ပို့စ်တစ်ခု ကျနော် တွေ့ပါတယ်။ အဲဒီမှာ ရေးထားတာက ထိပ်တန်းနိုင်ငံခေါင်းဆောင်ရာထူး ၄ ခုကို တာဝန်ယူထားရတဲ့ သူတွေအတွက် နိုင်ငံသားတစ်ဦးတည်း ဖြစ်ခွင့်ဆိုင်ရာဥပဒေက အရေးမကြီးပါဘူးတဲ့။ အရေးကြီးတာက ဝန်ကြီးချုပ်သက်တမ်း ကန့်သတ်ချက်နဲ့ အငြိမ်းစားယူမယ့် အသက်အရွယ်ပဲ ဖြစ်ပါ တယ်လို့ ရေးထားပါတယ်”ဟု ပြောသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရန် ရွေးကောက်ပွဲများ ကျင်းပရာတွင် ရာထူးသက်တမ်း ကန့်သတ်ထားခြင်းမှာ မဆီလျော်ကြောင်း၊ ၎င်းတို့သည် ဝန်ကြီးချုပ်အဖြစ် နောက်တစ်ကြိမ် ထပ်မံ ရွေးကောက်တင်မြှောက် ခံရသူ ဖြစ်နိုင်ကြောင်း ဟွန်ဆန်က အလေးပေး ပြောကြားခဲ့သည်။
ပုံ- ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်က ကာကွယ်ရေးဝန်ကြီးဌာနရှိ အတွင်းဝန်ရုံးသစ် ဖွင့်ပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်ကိုတွေ့ရစဉ်။
ဟွန်ဆန်၏ ကြေညာချက်သည် မကြာသေးမီက လက်ရှိ ဝန်ကြီးချုပ်အနေဖြင့် အသက် ၇၀ အရွယ်တွင် အငြိမ်းစားယူခွင့် ဥပဒေတစ်ရပ်ကို တောင်းဆိုခဲ့သည့် အတိုက်အခံ ခေါင်း ဆောင်ဟောင်း ဆမ်ရိန်းစီ (Sam Rainsy) ကို တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၁၉၅၂ ခုနှစ်တွင် မွေးဖွားခဲ့သူ ဟွန်ဆန်သည် ယခုအခါ အသက် ၇၀ ရှိနေပြီ ဖြစ်သည်။ ဆမ်ရိန်းစီ၏ တောင်းဆိုချက်သည် ဝန်ကြီးချုပ်နှင့် သမ္မတရာထူးတို့အတွက် နိုင်ငံသားတစ်ဦးတည်းဆိုင်ရာဥပဒေကို လွှတ်တော်၌ အဆိုတင်သွင်းပြီးနောက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားတွင် ဥပဒေပြုရေးအတွက် အမျိုးသားလွှတ်တော်၊ အထက်လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီတို့ကို အခွင့်အာဏာအသီးသီး နှင်းအပ်ထားသည်။
“ဘယ်သူမဆို ဝန်ကြီးချုပ် ဖြစ်ခွင့်ဆိုတာ အာဏာရပါတီက ဆုံးဖြတ်တဲ့ကိစ္စဖြစ်ပြီး အဲဒီရာထူးခန့်ဖို့က အဆုံးအဖြတ်ပေးတဲ့ သူတွေရဲ့ အလုပ်ပါ။ ခင်ဗျားက (ဝန်ကြီးချုပ် ကိုယ်စားလောင်း)ကို ရှေ့တန်းတင် ပြောချင်တာမဟုတ်လား၊ ရှင်းအောင် ပြော လိုက်မယ်နော်။ အခု ကျနော် ဝန်ကြီးချုပ်ပါ။ ၂၀၂၃ နောက်ပိုင်းမှာ ကျနော်ဟာ ဝန်ကြီးချုပ် တစ်ယောက်ရဲ့ ဖခင်တစ်ယောက် ပါ။ အဲဒါပြီးလို့ ၂၀၄၀ မတိုင်ခင်ကျရင် ကျနော်ဟာ ဝန်ကြီးချုပ်တစ်ယောက်ရဲ့ အဘိုးဖြစ်လာပါလိမ့်မယ်။ စောင့်မျှော်ကြည့်ရှု လိုက်ပါ”ဟု ရိန်းစီကို ရည်ညွှန်းလျက် ဟွန်ဆန်က အတိအလင်း ပြောကြားခဲ့သည်။
ပုံ- ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်က ကာကွယ်ရေးဝန်ကြီးဌာနရှိ အတွင်းဝန်ရုံးသစ် ဖွင့်ပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်ကိုတွေ့ရစဉ်။
မျိုးဆက်သစ် နိုင်ငံရေးသမားများအတွက် လမ်းခင်းပေးရန် နိုင်ငံရေးလက်ရှိရာထူးများ အငြိမ်းစားယူရမည့် အသက်အရွယ်ကို သတ်မှတ်ခြင်းကိစ္စအပေါ် အထက်ပါ အကြောင်းပြချက်ကြောင့် အကောင်အထည်ဖော်မည်ဆိုပါက တာဝန်ကြီးလာမည့် မူဝါဒ ဖြစ်ကြောင်း ကမ္ဘောဒီးယား ဒီမိုကရက်တစ် သိပ္ပံကျောင်း ပူးတွဲတည်ထောင်သူ ရိုဗန်နက်က ဖနွမ်ပင်ပို့စ်သို့ ပြောကြားခဲ့သည်။
“ဝန်ကြီးချုပ်သက်တမ်း ကန့်သတ်တာဟာ သူ့သားကို ရာထူးပေးဖို့ စိန်ခေါ်နိုင်ခြေရှိတဲ့ နိုင်ငံရေးပြိုင်ဘက်တွေ အပေါ်မှာ သဘောထား ပျော့ပျောင်းမှာလားဆိုပြီး မေးခွန်းထုတ်စရာရှိပါတယ်။ အခုက အကြွင်းမဲ့ နိုင်သူနဲ့ ရှုံးသူတွေပဲရှိတဲ့ နိုင်ငံရေးပုံစံ ထင်ဟပ်နေပုံရပါတယ်။ ကုန်ကျစရိတ်အားလုံးနဲ့ မဖြစ်မနေနိုင်ဖို့ လိုအပ်တယ်ဆိုတာက ခေတ်မမီတော့တဲ့ နိုင်ငံရေး ယဉ် ကျေးမှုဖြစ်လို့ မသင့်တော်ဘူးဗျ”ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
Source: Phnompenh Post