တိုကျို၊ ဒီဇင်ဘာ ၂၄
ထိုင်ဝမ်ကျွန်းနှင့် တရုတ်တို့အကြား တင်းမာမှုတိုးလာနေချိန်အတွင်း ဂျပန်နှင့်အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့ များ ထိုင်ဝမ်အရေးပေါ်အခြေအနေအတွက် ပူးတွဲစစ်ဆင်ရေးအစီအစဉ်မူကြမ်းကို ရေးဆွဲနေကြောင်း အမည်မဖော် လိုသည့် ဂျပန်အစိုးရသတင်းရင်းမြစ်များကို ကိုးကားလျက် ကျိုဒိုသတင်းဌာနက ဒီဇင်ဘာ ၂၃ ရက်၌ ထုတ်လွှင့်ခဲ့ သည်ဟု ရိုက်တာက ရေးသားဖော်ပြသည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်းပိုင်နက်အဖြစ် ဒီမိုကရေစီနည်းကျ အုပ်ချုပ်သည်ဟုပြောကြားလျက် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ၎င်း၏အချုပ်အခြာအာဏာပိုင် နယ်မြေတစ်ခုအဖြစ် အခိုင်အမာတောင်းဆိုရေးအတွက် စစ်ရေးနှင့် သံတမန်ရေး ဖိအားများ တိုးမြှင့်လာခဲ့ရာ တိုင်ပေအစိုးရကို ဒေါသထွက်စေခဲ့သည့်အပြင် ဝါရှင်တန်ကလည်း အလွန်အမင်းစိုးရိမ်မကင်းဖြစ်လာခဲ့သည်။
တိုင်ပေအစိုးရက ငြိမ်းချမ်းရေးလိုလားသော်လည်း လိုအပ်လာလျှင် မိမိကိုယ်ကို ခုခံကာကွယ်သွားမည်ဟု ပြောကြားခဲ့သည်။
ယခု ဂျပန်နှင့်အမေရိကန်တို့ ရေးဆွဲနေသော အစီအစဉ်အရ အမေရိကန်မရိန်းတပ်ဖွဲ့သည် ဂျပန်၏ အဓိက ကျွန်းကြီးလေးကျွန်းအနက်တစ်ခုဖြစ်သည့် ကျူရှူးကျွန်းမှ ထိုင်ဝမ်အထိ သွယ်တန်းလျက်တည်ရှိသော နန်စိုင်း (Nansei) ကျွန်းစုအတွဲလိုက်တွင် ယာယီစစ်အခြေစိုက်စခန်းများ တန်းစီတည်ဆောက်သွားမည်ဖြစ်ပြီး ထိုင်ဝမ် အရေးပေါ်အခြေ အနေကျရောက်လာပါက ကနဦးအဆင့်အတွက် တပ်စွဲထားမည်ဖြစ်ကြောင်း ကျိုဒိုက သတင်း ဆက်လက်ရေးသားထားသည်။
အဆိုပါကမ်းလွန်ဒေသများအတွက် ခဲယမ်းမီးကျောက်နှင့်လောင်စာဆီတို့ကို ဂျပန်စစ်တပ်က ထောက်ပံ့သွားမည် ဖြစ်သည်။
ထိုင်ဝမ်၏ကိုလိုနီဟောင်း ဂျပန်နှင့် အမေရိကန်တို့သည် လာမည့်နှစ် ၂၀၂၂ အစောပိုင်းတွင် နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးများအရ (၂+၂) တရားဝင်အစီအစဉ်ကို စတင်ရေးဆွဲရန် သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ကျိုဒိုသတင်းဌာနက ဆက်လက်ဖော်ပြသည်။
အဆိုပါသတင်းဌာနအပေါ် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက လတ်တလော သဘောထားမှတ်ချက် မပေးသေး ကြောင်း ရိုက်တာသတင်းဌာနက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာတွင် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်အား တရုတ်၏ရန်လိုသည့်အနေအထားအပေါ် ဂျပန်အစိုးရက ပိုမိုခိုင်မာစွာ ရပ်တည်ပြခဲ့ပြီး ရွေးချယ်မှုများကို ထည့်သွင်းစဉ်းစားလျက် အမေရိကန်နှင့် နီးကပ် သော ဆက်ဆံရေးများကို ထပ်လောင်းအတည်ပြုခဲ့သည်။ အမျိုးမျိုးသော အခြေအနေများအတွက် ပြင်ဆင် သွားမည်ဟုလည်း ဂျပန်က ပြောကြားခဲ့သည်။
သို့သော် ထိုင်ဝမ်ကို တရုတ် ဝင်တိုက်လျှင် ဂျပန်နှင့်အမေရိကန်တို့ ရပ်တည်ပေးနိုင်မည်မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက ယခုလအစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။
အကယ်၍ ဂျပန်တွင် အမေရိကန်က သောင်းနှင့်ချီသည့်တပ်ဖွဲ့ဝင်များကို ထိုင်ဝမ်နှင့်အနီးဆုံးထားပေးလျှင် ထိုင်ဝမ်အရေးပေါ်အခြေအနေဆိုက်ရောက်လာသည့်အခါ ဂျပန်က အရေးပါသည့်အခန်းကဏ္ဍကနေ ပါဝင် ရလိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အစိုးရတာဝန်ရှိသူများက ယခင် ပြောကြားထားမှု များလည်း ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့နိုင်ငံအများစုကဲ့သို့ပင် အမေရိကန်သည် ဘေဂျင်း၏ “တရုတ်တစ်ပြည်ထောင်တည်း” မူဝါဒနှင့်အညီ ထိုင်ဝမ်အစိုးရထက် တရုတ်ကို ပိုမိုအသိ အမှတ်ပြုထားသည်။ သို့သော် ဝါရှင်တန်သည် ထိုင်ဝမ် ကျွန်းကို အကြီးမားဆုံးလက်နက်ရောင်းချသူနှင့် မဟာမိတ်အဖြစ် ရပ်တည်နေပြီး ၎င်းအတွက် အကာအကွယ် ပေးရန် ဥပဒေအရ တာဝန်ရှိကြောင်း ရိုက်တာသတင်းတွင် ရေးသားထားသည်။
Source: Reuters