၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄
မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းကြောင်းဆီသို့ ဆောလျင်စွာပြန်သွားရန်နှင့် တွေ့ဆုံဆွေးနွေးရေးမှတဆင့် ပြဿနာများ ဖြေရှင်းကြရန် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ဟာ့ရှ်ဘတ်ဟန်ရှရင်ဂလာက နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရှရင်ဂလာသည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ၂ ရက်တာ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီးနောက် နစကဥက္ကဋ္ဌနှင့် ဒီဇင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။
မစ္စတာရှရင်ဂလာက “မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းကြောင်းဆီသို့ ဆောလျင်စွာပြန်သွားရေး၊ ထိန်းသိမ်းခံရသူများနှင့် အကျဉ်းသားများအား ပြန်လွှတ်ပေးရေး၊ တွေ့ဆုံ ဆွေးနွေးရေးမှတဆင့် ပြဿနာများ ဖြေရှင်းရေးနှင့် အကြမ်းဖက်မှု အားလုံး ကို အပြီးအပိုင် အဆုံးသတ်စေရေးတို့အပေါ် အိန္ဒိယနိုင်ငံမှ မြင်တွေ့လိုကြောင်း အလေးပေး ပြောကြားခဲ့ပါသည်” ဟု အိန္ဒိယ သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ပုံ- ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်က အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရှရင်ဂလာနဲ့ နစကဥက္ကဋ္ဌကိုတွေ့ရစဉ်။
ထို့နောက် အာဆီယံ၏ ဆောင်ရွက်ချက်များအတွက် အိန္ဒိယနိုင်ငံ၏ ခိုင်မာပြီး တသမတ်တည်း ထောက်ခံမှုကို ထပ်မံ အတည်ပြု ပြောခဲ့သလို ဘုံသဘောတူညီချက် ၅ ချက်ကို အခြေခံ၍ လက်တွေ့ကျပြီး အပြုသဘောဆောင်သော နည်း လမ်းဖြင့် ဆောင်ရွက်မှုမှတဆင့် တိုးတက်မှု ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်ဟု အိန္ဒိယသံရုံးက ဆိုသည်။
အိန္ဒိယ-မြန်မာသည် နယ်နိမိတ်ချင်း ထိစပ်နေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက် ပေးအပ်လျှက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းကို မြန်မာ နိုင်ငံကြက်ခြေနီအသင်းသို့ ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ ဆန်နှင့် ဂျုံတန်ချိန် ၁၀၀၀၀ ကိုလည်း ကူညီထောက်ပံ့မည် ဖြစ်ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မစ္စတာရှရင်ဂလာနှင့်တွေ့ဆုံစဉ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့မှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်အား ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့်အတူ လက်နက်ကိုင် ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာနေပြီး တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးမှာ ခက်ခဲနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။