ဆိုးလ်၊ ဒီဇင်ဘာ ၂၄

အကျင့်ပျက်ခြစားမှုဖြင့် အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသော သမ္မတဟောင်း ပက်ချုံဟီးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း လက်ရှိတောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း Channel News Asia ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် ပက်ချုံဟီးသည် ဆမ်ဆောင်း အီလက်ထရောနစ် အပါအဝင်  လုပ်ငန်းစုကြီးနှစ်ခု၏ အကြီးအကဲ များ ထောင်နန်းစံခဲ့ရသော အရှုပ်တော်ပုံနှင့်ဆက်စပ်ပြီး ၎င်းကို စွဲချက်တင်ရန် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအနေဖြင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် တောင်ကိုရီးယားနိုင်ငံ၌ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်ကို ရာထူးမှ ဖြုတ်ချခဲ့မှု ပထမဆုံး ဖြစ်ခဲ့သည်။

သမ္မတဟောင်းသည် မိသားစုအား ထောက်ပံ့ရန်နှင့် ၎င်းနာမည်ခံထားသော အကျိုးအမြတ် မယူသည့် ဖောင်ဒေးရှင်းများ အတွက် ဆမ်ဆောင်း အပါအဝင် အဓိကလုပ်ငန်းစုကြီးများထံမှ ဝမ်ငွေ ဘီလီယံ ပေါင်းများစွာ ရရှိရေးအတွက် လူယုံတစ်ဦးနှင့် ပူးပေါင်း ကြံစည်ခဲ့သည်ဆိုသော စွပ်စွဲချက် ပြစ်မှု တင်ရှားခဲ့ခြင်းကြောင့် သမ္မတရာထူးမှ ဖြုတ်ချခံခဲ့ရခြင်းဖြစ်သည်။

ပုံ- သမ္မတမွန်းဂျေအင်းကိုတွေ့ရစဉ်။(AFP)

ပက်ချုံဟီးသည် အကျင့်ပျက် ခြစားမှုစွဲချက်များဖြင့် တောင်ကိုရီးယားထိပ်တန်းတရားရုံးက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။ ထို့နောက် တရားရေး လုပ်ငန်းစဉ်များ အဆုံးသတ်ခဲ့ပြီး ယခုအခါ တောင်ကိုရီးယား အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြင့် အမှုကို ကြေအေးပေးလိုက်ခြင်းဖြစ်သည်။

သို့သော် အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည့် ပက်ချုံဟီး၏ အရှေ့က သမ္မတဟောင်း လီမြောင်ဘတ်ကိုမူ လွတ်ငြိမ်းချမ်းသာခွင့် မပေးခဲ့ပေ။

“ကံမကောင်း အကြောင်းမလှတဲ့ အတိတ်သမိုင်းကို ဖြတ်သန်းခဲ့ရာမှာ ပြည်သူတွေ စည်းလုံးညီညွတ်မှု နားလည်ပြီး အနာဂတ် အတွက် ခြေလှမ်းသစ်တစ်ရပ် ဆက်လှမ်းဖို့ရာ အခွင့်အရေးအနေနဲ့ သမ္မတဟောင်း ပက်ချုံဟီးကို ကျနော်တို့ ထည့်သွင်း စဉ်း စားခဲ့ပါတယ်” ဟု တောင်ကိုရီးယား တရားရေးဝန်ကြီး ပက်ဗြောင်ကြွဲ (Park Beom-Kye) က သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။

ပြီးခဲ့သည့်မတ်လ သမ္မတရွေးကောက်ပွဲ မတိုင်မီက ပက်ချုံဟီးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကွန်ဆာဗေးတစ် အတိုက်အခံ ဖြစ်သည့် လူထုစွမ်းအား (People Power) ပါတီမှ ထောက်ခံသူများနှင့် နိုင်ငံရေးသမားများက ဆုံးဖြတ်ချက် ထွက်ပေါ် လာခဲ့ သည်။

ပက်ချုံဟီးသည် ထောင်ထဲတွင် ကျန်းမာရေးပြဿနာများ ကြုံခဲ့ရကြောင်း အတိုက်အခံ လွှတ်တော်အမတ်များက ပြောကြားခဲ့ ကြသည်။

 

Source: Reuters, Channel News Asia