CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရင်ကြားစေ့ရေးလုပ်ငန်းများကို စိတ်သစ် လူသစ်များဖြင့် ပြန် လည် ဆောင်ရွက်ကြရန် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကာဒီနယ်ချားလ်စ်ဘိုသည် ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ညနေပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး၊ ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရာရှိခိုးကျောင်းအနီးရှိ ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်းတိုက်၌ တွေ့ဆုံ ခဲ့ကြသည်။
ကာဒီနယ်ချားလ်စ်ဘိုက “ခရစ္စမတ်အခါတော်ရက်မြတ်တွင် စုဝေး၍ မိတ်သဟာယ ပြုနေကြသော ကျွနှ်ပ်တို့အားလုံးသည် မိမိတို့နှင့်ဆိုင်ရာ နယ်ပယ်အသီးသီးမှနေ၍ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု၊ စည်းလုံးတိုးတက်မှုများ ရရှိစေရေး အတွက် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန် လေးစားမှု၊ အနာဂတ် လူငယ်မျိုးဆက်သစ်များအတွက် အခွင့် အရေး ဖန်တီးပေးမှုများ၊ စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေး လုပ်ငန်းများကို စိတ်သစ်လူသစ်များ ဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးပါသည်။ မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါသည်”ဟု ပြောသည်။
ထို့နောက် မြန်မာပြည်သူပြည်သားများ၏ ပျူငှာဖော်ရွေမှု ၊ချစ်ကြည်ရင်းနှီးမှု၊ ရိုးသားဖြူစင်မှုများဟာ ပုပ်ရဟန်း မင်းကြီး၏ နှလုံးသားတွင် နေရာယူလျက်ရှိပါကြောင်း၊ ဤသံယောဇဉ် ရင်းနှီးမှုများနှင့် ယနေ့ မြန်မာပြည်၏ အခြေအနေများအား ကြား သိရသောအခါ အမြန်ဆုံး ငြိမ်းချမ်းမှု၊ တိုးတက်မှုများ၊ စိတ်နှလုံး ဝမ်းမြောက်မှုများ ရရှိနိုင်ရန် စဉ်ဆက်မပြတ် ဆုတောင်း၍ မေတ္တာရပ်ခံလျက်ရှိပါကြောင်း ၎င်းက ဆိုသည်။
အဆိုပါ တွေ့ဆုံမှုတွင် နစကဥက္ကဋ္ဌက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မည်သို့မျှရှောင်လွှဲ၍ မရသည့် အခြေအနေဖြစ်ပေါ်လာ သည့်အတွက် နိုင်ငံတော်၏ တာဝန်များကို တပ်မတော်က ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်၍ နိုင်ငံတော် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌက “နိုင်ငံတော်အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများအပြင် သာယာရေး၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ကလည်း ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းလိုသည့် ဖွံ့ဖြိုးတိုးတက်စေလိုသည့် စိတ်ဆန္ဒရှိရန် အဓိက အရေးကြီးတယ်”ဟု ပြောသည်။
ထို့နောက် တိုင်းပြည် သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများရေးသည်လည်း အဓိက ကျသည့်အတွက် ငြိမ်းချမ်းမှုရှိ အောင် ဦးစွာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်မည်ဟူသည့် ဆန္ဒ ဖြင့် အသိတရား၊ သတိတရားတို့ဖြင့် တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်းအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ကြ ပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါသည်ဟု ၎င်းက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အရပ်သားအစိုးရကို ဖြုတ်ချ၍ အရေးပေါ် ကြေညာကာ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူ ထားသည်။
ထိုသို့ တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူထားပြီးနောက် ဆန့်ကျင် ကန့်ကွက်မှုများ နိုင်ငံတစ်ဝန်း ပေါ်ပေါက်ခဲ့ပြီး လူသေဆုံးမှုများရှိခဲ့သည်။ထို့နောက် လက်နက်ကိုင် ပဋိပက္ခများဆီသို့ အသွင်ကူးပြောင်းသွားခြင်းကြောင့် သက်ဆိုင်သူ အားလုံး တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် နိုင်ငံတကာနှင့် ပြည်တွင် အဖွဲ့အစည်းများက တိုက်တွန်းလျက်ရှိနေသည်။