ခါတွမ်း၊ ဒီဇင်ဘာ ၂၃

အိမ်နီးချင်း အီသီယိုးပီးယားနိုင်ငံတွင် ပြင်းထန်သည့်ပြည်တွင်းစစ်မှ ထွက်ပြေးလာသူများ ဆူဒန်ပြည်တွင်းသို့ ဆက်လက်ရောက်ရှိနေကြကြောင်း လူသားချင်းစာနာမှုကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားခဲ့ကြပြီး အကျပ်အတည်းတစ်ခုဖြစ်ပေါ်ရန် တွန်းအားပေးလာကြောင်း သတိပေးခဲ့ကြသည်။

အာဖရိကတိုက်၏ ဒုတိယလူဦးရေအများဆုံးဖြစ်သည့် အီသီယိုးပီးယားနိုင်ငံတွင် ဖက်ဒရယ်အစိုးရတပ်ဖွဲ့များနှင့် နိုင်ငံမြောက်ပိုင်း တီဂရေးဒေသမှ လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁၃ လကျော် ကြာမြင့်လာပြီဖြစ်သည်။

အီသီယိုးပီးယားဝန်ကြီးချုပ် အေဘီအာမက်က အလျင်အမြန် အောင်ပွဲခံမည်ဟု ကတိပြုခဲ့ပြီးနောက် ရက် သတ္တပတ်များအတွင်း အစိုးရတပ်များသည် တီဂရေးဒေသ၏ အရေးပါသော မာကယ်လီမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့်ဇွန်လတွင် တီဂရာယန်တပ်ဖွဲ့ဝင် များကလည်း ဒေသအများအပြား သိမ်းပိုက်နိုင်ခဲ့ရာ အမ်ဟာရာနှင့် အာဖာဒေသများကို ထိုးစစ်ဆင်ခဲ့ကြသည်။

ယခင်နိုဝင်ဘာလ၌ အင်အားအပြည့်ဖြင့် မြို့တော်အနီး ချဉ်းကပ်နေသော တီဂရာယန်တပ်များကို တီဂရေး ဘက်ဆီသို့ အစိုးရက ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။

အဆိုပါအီသီယိုးပီးယား လက်နက်ကိုင်ပဋိပက္ခသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ အုပ်စုဖွဲ့ မုဒိမ်းမှုများ အပါအဝင် အလွဲသုံးစားမှုအများအပြား ရှိခဲ့ကြောင်း သိရသည်။

အီသီယိုးပီးယားနိုင်ငံဘက်မှ နေရပ်စွန့်ခွာထွက်ပြေးလာသူသောင်းနှင့်ချီ၍ နယ်နမိတ်ချင်းထိစပ်တည်ရှိသည့် ဆူဒန်နိုင်ငံအတွင်းသို့  ဝင်ရောက်ခိုလှုံခဲ့ကြသည်။

ဆူဒန်အရှေ့ပိုင်း ဂါဒါရစ်ဖ်ပြည်နယ်ရှိ ဘူဆန်ဒါဒုက္ခသည်စခန်းမှ ကြီးကြပ်ရေးမှူး ယားယာဂျီဘရယ်က အီသီယိုးပီးယားတိုက်ပွဲများ ဆက်ဖြစ်နေ၍ နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသူ ဒုက္ခသည်အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောသည်။

ထို့ပြင် လူကုန်ကူးမှုနှင့် လက်နက်မှောင်ခိုသူများကလည်း အခြေအနေရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူလျက် ဒုစရိုက်ဂိုဏ်းများဖွဲ့၍ ဆူဒန်-အီသီယိုးပီးယားနယ်စပ်တွင် လှုပ်ရှားနေကြကြောင်း ၎င်းက သတိပေးခဲ့သည်။

ထိုသို့ အီသီယိုးပီးယားဒုက္ခသည်အများအပြား ဝင်ရောက်လာခြင်းသည် ဆူဒန်အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းရန် နည်းပညာပိုင်း၊ ထောက်ပံ့ပို့ဆောင်‌ရေးနှင့် ဘဏ္ဍာရေးပံ့ပိုးမှုရရှိရန် ရုန်းကန်ကြိုးပမ်းနေရသော ဆူဒန်အာဏာပိုင်များအတွက်လည်း ကြီးမားသည့်စိန်ခေါ်မှုဖြစ်လာခဲ့သည်။

Source: Aljazeera