ထရီပိုလီ၊ ဒီဇင်ဘာ ၂၃
သမ္မတရွေးကောက်ပွဲကို သတ်မှတ်ထားသည့် နှစ်ရက်အတွင်း ကျင်းပပေးရန် မဖြစ်နိုင်တော့ကြောင်း လစ်ဗျားလွှတ်တော် ကော်မတီက ပြောကြားခဲ့သည်ဟု အေပီသတင်းက ဖော်ပြထားသည်။
ထို့နောက် ရေနံသယံဇာတကြွယ်ဝသော လစ်ဗျားနိုင်ငံ၌ ဆယ်စုနှစ်များစွာ မတည်ငြိမ်မှုများ အဆုံးသတ်ရန် နိုင်ငံတကာ ဝိုင်းဝန်းကြိုးပမ်းမှုအပေါ် ယခုရွေးကောက်ပွဲနှောင့်နှေးခြင်းမှာ အဓိကထိုးနှက်ချက် ဖြစ်လာကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် လစ်ဗျားလွှတ်တော်က ကြေညာခဲ့သည်။
စိန်ခေါ်မှုများရှိနေ၍ ရွေးကောက်ပွဲနှောင့်နှေးမည်ဟု မျှော်လင့်ထားသော်လည်း မနက်ဖြန် ဒီဇင်ဘာ ၂၄ ရက်၌ မဲပေးကြရန် အထမြောက်မည် မဟုတ်တော့ကြောင်း လစ်ဗျားလွှတ်တော်ကော်မတီက ပထမဆုံး ထုတ်ပြန်ကြေညာခဲ့သည်။
ယခင်စီစဉ်ထားသော ရွေးကောက်ပွဲသည် လစ်ဗျားငြိမ်းချမ်းရေးရအောင် တစ်နှစ်နီးပါးကြာ နိုင်ငံတကာ ကြိုးပမ်းမှု၏ အဓိက သော့ချက်ဖြစ်ပြီး လစ်ဗျားမဲဆန္ဒရှင်များက အချိန်မီ မဲပေးနိုင်မှု မရှိခြင်း (သို့မဟုတ်) ဆိုင်းငံ့ခြင်းတို့သည် မတည်မငြိမ် ဖြစ် သည့် ဆုတ်ယုတ်မှုဟု သတိပေး ပြောကြားခဲ့ကြသည်။
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတွက် တာဝန်ပေးထားသည့် ကော်မတီခေါင်းဆောင် အယ်လ်ဟဒီအယ်လ်ဆစ်ဟီရာ က “ဒီဇင်ဘာ ၂၄ ရက်မှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပပေးဖို့ မဖြစ်နိုင်တော့တာကို ကျနော်တို့ အစုအဖွဲ့က တွေ့ရှိခဲ့ပါတယ်” ဟု လွှတ်တော်ဥက္ကဋ္ဌ အဂွီလာစလက်ထံသို့ ပေးပို့သောစာထဲတွင် အစီရင်ခံထားသည်။
မဲပေးမည့်ရက် အတိအကျ ပြောင်းလဲသတ်မှတ်ခြင်း ရှိ/မရှိနှင့် ရွေးကောက်ပွဲ လုံးဝပယ်ဖျက်ခြင်း ရှိ/မရှိတို့ကိုတော့ အဆိုပါ အစီရင်ခံစာထဲတွင် မဖော်ပြထားပေ။
ပုံ-လစ်ဗျားပြည်သူများနဲ့ ရဲတပ်ဖွဲ့ကိုတွေ့ရစဉ်။(AP)
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်သည် အပြီးသတ် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ထုတ်ဖော်ခြင်း မပြုခဲ့ဘဲ ဒီဇင်ဘာ ၂၁ ရက်နှောင်းပိုင်းက ရွေးကောက်ပွဲကော်မတီများကို ဖျက်သိမ်းခဲ့ပြီး ကျင်းပပေးရေးတာဝန်ကိုလည်း လွှတ်တော်သို့ လွှဲအပ် ခဲ့သည်။
ထို့နောက် ကော်မရှင်က ဇန်နဝါရီ ၂၄ ရက်ကို သမ္မတရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရက်စွဲအသစ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်တွင် အဆိုတင်သွင်းခဲ့ပြီး မနက်ဖြန် ရွေးကောက်ပွဲ ကျင်းပပေးရေး ပျက်ကွက်ခဲ့ရသည့် စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေပေးရန် အလို့ငှာ လွှတ်တော်ကို တိုက်တွန်းခဲ့သည်။
ယခုကဲ့သို့ ရွေးကောက်ပွဲ နှောင့်နှေးခဲ့ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ရန် လစ်ဗျားလွှတ်တော် အမတ်အများအပြား လမ်းပေါ် ထွက်၍ တောင်းဆိုခဲ့ကြသည်။
၂၀၁၁ ခုနှစ်က မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး) ကျောထောက်နောက်ခံ လစ်ဗျားလူထုအုံကြွမှု၌ ဖြုတ်ချပြီး သတ်ဖြတ် ခံခဲ့ရသော လစ်ဗျားအာဏာရှင် မိုမာကဒါဖီ၏သား ဆစ်ဖ်အယ်လ်အစ္စလာမ်ကဒါဖီ အပါအဝင် ကိုယ်စားလှယ် လောင်း ၁၀၀ ကျော်တို့က သမ္မတရာထူး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့ကြပြီး ဖြစ်သည်။
လစ်ဗျားနိုင်ငံတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ မကြာခဏ အငြင်းပွားလေ့ရှိပြီး လက်နက်ကိုင် အဖွဲ့များ အကြား ရံဖန်ရံခါ ထိတွေ့မှု အပါအဝင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရသည်။
လစ်ဗျား ရွေးကောက်ပွဲ ကျင်းပရေးအတွက် အခြားအတားအဆီးများတွင် နိုင်ငံ၏ အရှေ့နှင့်အနောက် ကာလရှည်ကြာ အကွဲအပြဲများ၊ နိုင်ငံခြားတပ်များ ပြည်တွင်း၌ ရှိနေခြင်းတို့လည်း ပါဝင်သည်။
Source: AP