ဟောင်ကောင်၊ ဒီဇင်ဘာ ၂၃

ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်မှာ သေဆုံးခဲ့ရသူများအတွက် အထိမ်းအမှတ်ရုပ်တုကို ဟောင်ကောင်ရှိ သက်တမ်း အကြာဆုံးတက္ကသိုလ်တွင် ဒီဇင်ဘာ ၂၂ ရက်တွင် ညလုံး ပေါက် ဖြိုဖျက်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။ ယင်းလုပ်ရပ်သည် တီယန်နန်မင်ရင်ပြင်အရေးအခင်း အောက်မေ့ဖွယ်ရာများနှင့် ပညာရေးလွတ်လပ်ခွင့်အတွက် တရုတ်၏နောက်ဆုံး ထိုးနှက်ချက်လည်းဖြစ်သည်။

ဂျန့်စ်ဂယ်စချော့ဆိုသူ ထုလုပ်ခဲ့သော “ရှက်ဖွယ်လိလိမှတ်တိုင်” (Pillar of Shame) သည် ၈ မီတာ (၂၆ ပေ) အမြင့်ရှိပြီး ဟောင်ကောင်တက္ကသိုလ် (HKU) ကျောင်းဝင်းအတွင်း ၁၉၉၇ ခုနှစ်ကတည်းက စိုက်ထူခဲ့သည်။ ထိုနှစ်သည် ဟောင်ကောင်ကျွန်းကို ဗြိတိသျှကိုလိုနီအဖြစ်မှ တရုတ်ပြည်မကြီးလက်သို့ ပြန်လွှဲပေးသည့်နှစ်လည်း ဖြစ်သည်။

အဆိုပါရုပ်တုပေါ်တွင် တုန်လှုပ်ခြောက်ခြားနေသော လူ့မျက်နှာပေါင်း ၅၀၊ နှိပ်စက်ခံထားရသည့် ရုပ်အလောင်း ချင်း ထပ်နေပုံများ ထွင်းထုသရုပ်ဖော်ထားပြီး ၁၉၈၉ ခုနှစ်က တီယန်နန်မင်ရင်ပြင်တဝိုက် တရုတ်စစ်တပ်၏ ဖြိုခွင်းမှု၌ ကျဆုံးခဲ့သော ဒီမိုကရေစီအရေးဆန္ဒပြသူများကို အထိမ်းအမှတ်တစ်ခုအဖြစ် ဖန်တီးပြုလုပ်ထားခဲ့ သည်။

အဆိုပါရုပ်တုတည်ရှိနေခြင်းသည် တီယန်နန်မင်အဖြစ်အပျက်များကို အပြင်းအထန် ဆင်ဆာဖြတ်တောက်၍ ပိတ်ပင်ထားသည့် တရုတ်ပြည်မကြီးနှင့် နှိုင်းယှဉ်ပါက ဟောင်ကောင်၏လွတ်လပ်မှုကို ကွက်ကွက်ကွင်းကွင်း ကိုယ်စားပြုခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် ဘေဂျင်းသည် ပြီးခဲ့သည့်နှစ်နှစ်မှစ၍ ဒီမိုကရေစီဆန္ဒပြပွဲများအပြီး ဟောင်ကောင်ကို ၎င်း၏ အာဏာရှင် ဆန်မှုကို ပြန်လည်ပုံဖော်နေခဲ့သဖြင့် တီယန်နန်မင်အထိမ်း အမှတ်ထားရှိမှုမှာလည်း တရားမဝင်ဖြစ်လာခဲ့သည်။

ယခုနှစ်အောက်တိုဘာလတွင် ဟောင်ကောင်တက္ကသိုလ်တာဝန်ရှိသူများက ယခင်သတ်မှတ်ခဲ့ခြင်းမရှိသော အန္တရာယ်များကို အကြောင်းပြလျက် အဆိုပါရုပ်တုကို ကျောင်းဝင်းအတွင်းမှ ဖယ်ရှားအမိန့်ပေးခဲ့သည်။ ယင်း နောက် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းနှင့် ၂၃ ရက် နံနက်အစောပိုင်းတို့တွင် ယခုကဲ့သို့ ဖြိုဖျက်မှုကို စတင် လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ဝန်ထမ်းများသည် ရုပ်တုကို တူးဆွခြင်းနှင့် ထုသံနှက်သံများ ညလုံးပေါက် ထွက်ပေါ်နေခြင်းအား ဖုံးဖိရန် ရုပ်တု၏ကြမ်းပြင်မှ မျက်နှာကြက်အထိ ပလတ်စတစ်အကာအရံများ သုံးခဲ့ကြောင်း ယင်းနေရာသို့ ရောက်ရှိခဲ့သည့် အေအက်ဖ်ပီသတင်းထောက်တစ်ဦးက သတင်းပေးပို့ထားသည်။

လုံခြုံရေးအစောင့်များက သတင်းထောက်များကို အနီးကပ်ပိတ်ဆို့လျက် မီဒီယာများ သတင်းမှတ်တမ်း ရိုက်ကူး ခြင်းကို ဟန့်တားရန် ကြိုးစားခဲ့ကြသည်။

ယင်းနောက် ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသည့် ရုပ်တုကို အနီးရှိ ကွန်တိန်နာယာဉ်တစ်စီးပေါ်သို့ ကရိန်း အ သုံးလျက် အလုပ်သမားများက တင်နေကြောင်း မြင်တွေ့ခဲ့ကြသည်။

အဆိုပါရုပ်တုကို ဖန်းတီးထုဆစ်ခဲ့သူ ဂျန့်စ်ဂယ်စချော့က “ကျောင်း၏ပိုင်ဆိုင်မှုတစ်ခုအဖြစ် တည်ရှိနေသည့် ရုပ်တု အဖယ်ရှားခံရခြင်းမှာ ထူးဆန်းပြီး တုန်လှုပ်ဖွယ်ဖြစ်ကြောင်း” အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

“ဒါဟာ အင်မတန်တန်ဖိုးကြီးတဲ့ ရုပ်တုပါ။ ဒါကို ဖျက်ဆီးရင် သူတို့ကို တရားစွဲမယ်။ မတရားတဲ့ကိစ္စပဲဗျ” ဟု ၎င်းက ပြောသည်။

ဂယ်စချော့သည် အဆိုပါရုပ်တုကို ပြန်ယူရန် ကမ်းလှမ်းခဲ့ပြီး ရှေ့နေများအကူအညီဖြင့် တက္ကသိုလ် အာဏာပိုင် များကို ဆက်သွယ်ရန် အမျိုးမျိုးသောနည်းလမ်းများဖြင့် အားထုတ်ခဲ့ကြောင်း သိရသည်။

Source: AFP, Bangkok Post