၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ်(၁) ရပ်ကွက် ရှိတ္တာရွာမှ ထွေ/အုပ် ဝန်ထမ်းတစ်ဦးသည် ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) နံနက် အစောပိုင်းမှာ သတ်ဖြတ်ခံရ‌ကြောင်း ‌မောင်တောဒေသခံများထံမှ သိရသည်။

အသတ်ခံရသူသည် အသက် ၂၆ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး(အမည် ကိုဆန်းဌေးနိုင်) ဖြစ်ပြီး လည်ပင်းလှီး အသတ်ခံ ရခြင်းဖြစ်ကြောင်း၊ အသတ်ခံရသည့်နေရာမှာ မောင်တောမြို့ စက်လှေဆိပ်အနီးတွင်ဖြစ်ကြောင်း မောင်တောမြို့ ကရုဏာ ကွန်ယက်ဖောင်ဒေးရှင်း ပရဟိတအသင်းဥက္ကဋ္ဌ ကိုချစ်ထူးနိုင်က CNI သို့ ပြောသည်။

ကိုချစ်ထူးနိုင်က “ကျနော့်ကို မနက် ၇ နာရီမှာ ဖုန်းဆက်တယ်။ အမည်မသိသူတစ်ယောက် မြို့မနားရပ်ကွက် ဘုတ်ဆိပ်မှာ သွေးတွေနဲ့ လှဲနေတယ်လို့လေ။ သွားကြည့်လိုက်တော့ အဲ့မှာ သေနေတာတွေ့တယ်။ တွေ့တော့ ရဲတွေဘာတွေအကြောင်း ကြား လိုက်တာပေါ့။ ရဲတွေ ရောက်လာပြီးကြည့်တော့ လည်ပင်း အလှီးခံထားရတာ တွေ့တာပေါ့နော်။ သူ့ကို ၇ နာရီ ၄၅ လောက်မှာ မောင်တော ရင်ခွဲဆေးရုံကို ပို့ထားပါတယ်”ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံအား ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

ပုံ-သတ်ဖြတ်ခံခဲ့ရသော နေရာကိုတွေ့ရစဉ်။

ရခိုင်ပြည်နယ်တွင် ဖေ‌ဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်ထိ အစိုးရဝန်ထမ်းများ သတ်ဖြတ်ခံရခြင်းသည် ပထမဆုံး အကြိမ် ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ထိန့်လန့်မှုများဖြစ်ပေါ်ကြောင်း မောင်တောဒေသခံတစ်ဦး က CNI သို့ ပြောသည်။

မောင်တောဒေသခံတစ်ဦးက “ကျမတို့ ရခိုင်လူမျိုးတွေရဲ့ အသက်အိုးအိမ် ဘာတစ်ခုမှ စိတ်ချလုံခြုံမှု မရှိတော့ဘူး လေ။ အခုဆိုတော့ မြို့ပေါ်မှာတောင် အဲ့လို လုပ်နေတယ်ဆိုတော့ နယ်မှာပြောစရာတော့ မလိုတော့ဘူးလေ။ ကျမတို့ ရခိုင် လူမျိုးတွေက ကိုယ့်ရခိုင်ပြည်မှာ အေးအေးဆေးဆေး နေပါရဲ့နဲ့ ကိုယ့်အိမ်မှာ ကိုယ်တောင် မလုံခြုံဘူးဆိုရင် ဘယ်အတိုင်း အတာထိ ရှိနိုင်ပါ့မလဲ စဉ်းစားကြည့်ပေးပေါ့နော်။ မောင်တော ဒေသခံတွေကတော့ တစ်ခုမှ လုံခြုံမှုမရှိဘူး။ အခုက မြို့ပေါ်မှာ ဆိုတော့ ကိုယ့်အိမ်ပေါ်ကို လာပြီး သတ်သလို ဖြစ်သွားပြီလေ။ မြို့ပေါ်မှာပဲလေ။ လုံခြုံမှု ဘယ်ရှိမလဲ”ဟု ပြောသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ဒီဇင်ဘာ ၁၇ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပြီး ထိုထဲတွင် ဒီဇင်ဘာလအတွင်း ဆက်တိုက် ဖြစ်ပွားမှုရှိခဲ့သည့် ဖြစ်စဥ်များမှာ အဖွဲ့စည်းတစ်ခုမှ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံ ရေး လှုံဆော်မှုတစ်ခုဟု သံသယဖြစ်မိပြီး ဒေသတွင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများနှင့် လူမျိုးရေးပဋိပက္ခသို့ ဦးတည် လာမည်ကို စိုးရိမ်ရကြောင်း ပါရှိသည်။