၂၀၂၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လေးကေ့ကော်ဒေသကို တပ်မတော်မှ လေယာဉ်ဖြင့် တိုက်ခိုက်ပြီးနောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေ ၂၀၀၀၀ ကျော်ရှိလာကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)မှ စောလေးကပေါက ပြောသည်။
လေးကေ့ကော်ဒေသဘက်မှာ ဒီဇင်ဘာ ၂၃ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က လေယာဉ်ဖြင့် တိုက်ခိုက်မှုများရှိခဲ့ပြီးနောက် ဒေသခံ ပြည်သူများသည် ညတွင်းချင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ဒေသတွင်း ကရင်အမျိုးသား မီဒီယာမှ ဖော်ပြခဲ့သည်။
KPSN စောလေးကပေါက “ တိုက်ပွဲရှောင်ဦးရေက ပြောရမယ်ဆိုရင်တော့ အားလုံး အဲဒီ လေးကေ့ကော်ဘက်က စစဖြစ်ချင်း မှာပဲ သူ့ပတ်ဝန်းကျင် ဘေးရွာမှာပဲ လူဦးရေကတော့ ၂၀၀၀၀ လောက် ရှိတယ်နော်။ ၂၀၀၀၀ ရှိတယ်ဆိုတော့ မနေ့ညက စစ်ကောင်စီက ဗုံးမကြဲခင်အချိန်အထိ IDP အရေးကို ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ဒေသခံ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ကျနော် တို့ သတင်းပေးချက် အရကတော့ မနေ့ညနေ အထိတော့ ထိုင်းဘက်ခြမ်းမှာ လူဦးရေ ၅၀၀၀ အောက်မှာ ရှိတယ်၊ ၄၀၀၀ ကျော်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နေရာ သုံးနေရာ ခွဲနေတာ။ ဒါက Official အချက်အလက်ရတာပေါ့နော်”ဟု CNI သို့ ပြော သည်။
လက်ရှိတွင် လေးကေ့ကော်ဒေသမှ တိုက်ပွဲရှောင်လာသူများသည် မြန်မာဘက်ခြမ်းရှိ နယ်စပ်တစ်လျှောက်မှာ နေရာ ၃ နေရာ ခွဲနေကြပြီး လူဉီးရေ ၁၀၀၀၀ ရှိကြောင်း၊ ဒီဇင်ဘာ ၂၃ ရက်နေ့ညက တိုက်ခိုက်မှုကြောင့် လူဉီးရေ ၅၀၀၀ ခန့် ထပ်မံ တိမ်းရှော င် လာကြကြောင်း ၎င်းက ပြောသည်။
ပုံ-၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့ ညပိုင်းက လေးကေ့ကော်ဒေသခံများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြစဉ်။
ထို့နောက် ထိုင်းနိုင်ငံဘက်ခြမ်းတွင် လူဉီးရေ ၄၀၀၀ ကျော်ရှိကြောင်း စောလေးကပေါက ပြောသည်။
အဆိုပါ တိုက်ပွဲရှောင်များအနက် မြန်မာဘက်ခြမ်းရှိ ဖလူးနှင့် မင်းလက်ပံမှ တိုက်ပွဲရှောင်များသည် ဒီဇင်ဘာ ၂၃ ရက်နေ့ ည ပိုင်းက လေယာဉ်နှင့်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခဲ့ရသည်။
ဆက်စပ်သတင်းဖတ်ရှုရန် -- - - - - - - ထိုင်းမှ ကိုဗစ်အကြောင်းပြချက်ဖြင့် လေးကေ့ကော်ဒေသခံများသို့ လှူဒါန်းမှုအား ကန့်သတ်
ထိုထွက်ပြေး တိမ်းရှောင်လာသူများကို အစက ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဝင်ခွင့်မပြုခဲ့သော်လည်း နောက်ပိုင်း ညှိနှိုင်းမှု များအရ ဝင်ခွင့်ပေးခဲ့ကြောင်း သိရသည်။
လေးကေ့ကော်ဒေသအား ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက လေယာဉ်နှင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစက သတင်း ထုတ်ပြန်ရေးအဖွဲ့သို့ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ပုံ-၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့ ညပိုင်းက လေးကေ့ကော်ဒေသခံများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြစဉ်။
စောလေးကပေါက “စစ်ကောင်စီက အထိနာပြီးတဲ့နောက် ၁၅ ရက်၊ ၁၆ ရက် နောက်ပိုင်းမှာ လူအင်းအား တိုးချဲလာတာ တွေ့ တယ်၊ လေယာဉ်နဲ့ လာကင်းထောက်တာ တွေ့တယ်။ စိုးရိမ်တဲ့အတိုင်းပဲ ဖြစ်လာတယ်။ ဖြစ်လာပြီဆိုတော့ ကျနော်တို့ အနေ နဲ့ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ပြီး စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူ အထူး သဖြင့် ပြဿနာက စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေကို ရောင်းဝယ်တဲ့ဟာ လုံးဝရပ်တန့်ပစ်တာမျိုး နိုင်ငံတကာက ပိတ်ဆို့လိုက်မှပဲ စစ်ကောင်စီကို ကျနော်တို့ တွန်းလှန်နိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။
ဆက်စပ်သတင်းဖတ်ရှုရန် -- - - - - - - တိုက်ပွဲရှောင်စခန်းမှာ ရေရှည်မနေချင်ဘူးဟု လေးကေ့ကော်ဒေသခံများ ဆို
လေးကေ့ကော်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်နှင့် KNU ကြား နှစ်ဖက် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင်း လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာခဲ့ကြောင်း၊ လက်ရှိမှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ် သည်။
တပ်မတော်နှင့် KNU ကြား ဒီဇင်ဘာ ၁၅ ရက်က စတင်ခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက် ပြေး တိမ်းရှောင်နေကြရသည်။
တပ်မတော် အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက အဆင်အခြင်မဲ့ တိုက်ခိုက်ခံရမှုများ ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန် မိမိတို့ တောင်းဆိုသည်ဟု အမေရိကန် သံရုံးအပါဝင် နိုင်ငံတကာသံရုံးများက ယနေ့ (ဒီဇင်ဘာ ၂၄ ရက်)ထုတ်ပြန်ခဲ့သည်။