၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသကို UNESCO ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးသွားသဖြင့် လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် အဆိုပြုလွှာကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ရုံးချုပ်ထံ တင်သွင်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) ထံမှ သိရသည်။

မြောက်ဦးဒေသကို UNESCO ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ကြေညာမည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းမှာ ပါဝင်လိုကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ)၏ ညွှန်ကြားရေးမှူး ဦးကြည်ခင်က CNI သို့ပြောသည်။

၎င်းက “ကျနော်တို့ကတော့ ကြိုးစားခဲ့ရတာပေါ့ဗျာ။ ကမ္ဘာ့အမွေအနှစ်ရဲ့ စံနှုန်းတွေနဲ့အညီ ရွေးချယ်ပြီးတော့ ကျနော်တို့က တင်ပြထားရတာ။ တင်ပြထားရတာဆိုတော့ ကျနော်တို့ကတော့ ကမ္ဘာ့အမွေအနှစ်ကို ၂၀၂၃ မှာ ကြေညာရင်တော့ ပါချင် တာပေါ့ဗျာ။ ပါချင်လို့လည်း အပင်ခံပြီးတော့ ကျနော်တို့တင် မဟုတ်ဘူး ဆက်စပ်ဌာနဆိုင်ရာတွေရော၊ ပြီးတော့ ကျနော်တို့ ဌာနမှာရှိတဲ့ ပညာရှင်တွေရော၊ ဥပမာ GIS ပညာရှင်တွေ၊ ပြီးတော့ ရှေးဟောင်း ပညာရှင်တွေ၊ ပြီးတော့ ဒေသခံ ပညာရှင်တွေ ၊ သမိုင်းပညာရှင်တွေ၊ ကျနော်တို့ ရှေးဟောင်းသုတေသန ပညာရှင်တွေ အကုန်လုံး စုပေါင်းပြီးတော့ လုပ်ထားရတဲ့ အဆိုပြု စာတွဲလေ။ အဲဒါကိုတော့ အောင်မြင်စေချင်တာပေါ့ဗျာ” ဟု ပြောသည်။

မြောက်ဦးသည် ရခိုင်သမိုင်း၏ ထင်ရှားသည့် ရှေးဟောင်းအမွေအနှစ်များ စုဝေးတည်ရှိနေသည့် မြို့တော် တစ်ခုဖြစ်သည့် အပြင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခေတ်ကြီးလေးခေတ်အနက် နောက်ဆုံးခေတ်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ခန့်တွင် ရခိုင်ဘုရင်များ တည်ထားခဲ့သည့် ရှေးဟောင်း အမွေအနှစ်များ၊ ဗိသုကာ လက်ရာများနှင့် သမိုင်း မှတ်တိုင်များ အထင်အရှား ရှိနေသည့် မြို့တစ်မြို့လည်း ဖြစ်သည်။

မြောက်ဉီးဒေသ အမွေအနှစ်ကိုတွေ့ရစဉ်။ (SOPA Images)

မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရောက်ရေး အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလ ဒုတိယအပတ်တွင် တင်သွင်းခဲ့ပြီး ကိုဗစ်အခြေအနေများကြောင့် အချိန်ကြာမြင့်နေခဲ့ခြင်းဖြစ်ကြောင်း ဦးကြည်ခင်က ရှင်းပြသည်။

၎င်းက “တောထဲ တောင်ထဲ သွားရတော့ အန္တရာယ်များမှာစိုးလို့ ကျနောတို့က ခဏ ရပ်ထားပါတယ်။ ပြီးတော့လည်း ကိုဗစ် ကြောင့်လည်း ဘယ်မှ မသွားဘဲနဲ့ ရပ်ထားပါတယ်၊ အဲလိုလေးတွေ အခက်အခဲ ရှိတာပေါ့။ အခုထက်ထိတောင် ကိုဗစ်က မပြီး ဆုံးသေးဘူး။ မပြီးဆုံး သေးဘူးဆိုတော့ ကျနော်တို့က သွားရတာ ခက်ပါတယ်။ အဲဒါကြောင့်မို့လို့ အဲဒီလောက် ကြာသွားတာ ပါ။ time limit time (အချိန်ကန့်သတ်ချက်) လုပ်ရတာ အခုမှ ပြီးတဲ့အတွက် အဲဒီမှာ အတည်ပြုတွေက အများကြီးပဲ။ အဲဒါ တွေကို ကျနော်တို့က ကမ္ဘာ့အမွေအနှစ်ရဲ့ ပုံစံနဲ့ ဝင်အောင် ဆောင်ရွက်နေတာ အကြိမ်ကြိမ်ဗျာ။ အဲဒီမှာ Map (မြေပုံ) တွေ ရော စာတွဲလေးတွေရော၊ အကုန်လုံး အဲဒီဟာတွေကို ပြုစုရတာ တော်တော်ကြာတဲ့အတွက် အဲဒီလို ဖြစ်သွားတာပါ။ အခုမှ ပြီးတာပါ” ဟု CNI သို့ ပြောသည်။

 

ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပါက အရှေ့တောင်အာရှ၏ အကောင်းဆုံး ခံတပ်မြို့တော် အဖြစ် သမိုင်းတွင်မည်ဖြစ်သလို ပြည်ပနိုင်ငံများမှ ပညာရပ်များလည်း ရရှိလာနိုင်ကြောင်း၊ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု ပိုမိုများလာကာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အဆင်ပြေလာနိုင်ကြောင်း၊ ဒေသ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာနိုင်ကြောင်း စသည့် အကျိုးသက်ရောက်မှုများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးဒေသတွင် နန်းတော်ရာကုန်း၊ မြို့ရိုးတံတိုင်းများ၊ ခံတပ်များ၊ ကျုံးများ၊ ဘုရင်များ တည်ထားကိုးကွယ်ခဲ့သည့် ဘာသာရေး အဆောက်အအုံများ၊ စေတီပုထိုးများ စသည့် ထင်ရှားသော အဆောက်အဉီးများ တည်ရှိသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပျူ၊ ဟန်လင်း ၊ ဗိဿနိုးမြို့ ဟောင်းသုံးခု အပြင် ၂၀၁၉ ခုနှစ်၌ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေတို့ကို အတည်ပြု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။