မော်စကို၊ ဒီဇင်ဘာ ၂၄

ယူကရိန်းကို မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) ထဲ ဆွဲမထည့်ဘဲ ရုရှားလုံခြုံရေးအာမခံချက်တွေကို ချက်ချင်းဖြည့်ဆည်းပေးဖို့ အနောက်အုပ်စုနိုင်ငံများကို သမ္မတဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၃ ရက်တွင် တိုက် တွန်းခဲ့ပြီး “အမေရိကန်ဟာ ကျနော်တို့အိမ်တံခါးဝမှာ ရှိတယ်”ဟု ပြောကြားခဲ့ကြောင်း အေပီသတင်း တစ်ပုဒ်တွင် တွေ့ရသည်။

နှစ်စဉ်ကျင်းပလေ့ရှိသည့် ရှည်လျားလှသောသတင်းစာရှင်းလင်းပွဲ မိန့်ခွန်းတွင် ရုရှားသမ္မတက လာမည့်လ၌ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ အမေရိကန်နှင့် ဆွေးနွေးမည့်အစီအစဉ်ကို ကြိုဆိုခဲ့သော်လည်း မော်စကိုအနေဖြင့် ယင်းဆွေးနွေးမှုရလဒ် အမြန်ထွက်ပေါ်ရေး မျှော်လင့်ကြောင်း သတိပေးခဲ့သည်။

“နေတိုးအဖွဲ့ရဲ အရှေ့ဘက်ချဲ့ထွင်မှုဟာ လက်ခံနိုင်စရာမရှိဘူးဆိုတာ အခုကတည်းက ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ အသိပေးလိုပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် မော်စကိုသည် နေတိုးအဖွဲ့ဝင်အဖြစ် ယူကရိန်းနှင့်အခြားဆိုဗီယက်ဟောင်းနိုင်ငံများကို စည်းရုံးနေခြင်းအပေါ် ကန့်ကွက်နေခဲ့ပြီး ဥရောပအရှေ့ပိုင်းနှင့်အလယ်ပိုင်းတို့တွင် နေတိုးမဟာမိတ်များ စစ်ရေး အရ ဖြန့်ကြက်လာမှု ပြန်လည်ရုပ်သိမ်းပေးရေးဆိုင်ရာ လုံခြုံရေးကိစ္စမူကြမ်းတစ်စောင်ကို အနောက်အုပ်စုထံသို့ ပေးပို့ခဲ့သည်။

နေတိုးမဟာမိတ်နိုင်ငံများ၏လုပ်ထုံးလုပ်နည်းမှာ ၎င်းတို့သတ်မှတ်သည့်အရည်အချင်းပြည့်မီသော မည်သည့် နိုင်ငံမဆို နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ကို လမ်းဖွင့်ပေးထားခြင်းဖြစ်သည်။

“အမေရိကန်ရဲ့နယ်စပ်နားမှာ ကျနော်တို့ ဒုံးကျည်သွားထားဖူးသလား” ဟု ပူတင်က ဒေါသတကြီးဖြင့် ပြောကြား  ခဲ့သည်။

“မဟုတ်ဘူးဗျ။ အဲဒီဒုံးကျည်တွေ ကျနော်တို့အိမ်နား လာထားတာ အမေရိကန်ပဲ။ အခုဆိုရင် ကျနော်တို့ အိမ်တံခါးရောက်နေပြီဗျ။ ကျနော်တို့အိမ်အနား ဒီလိုလက်နက်တွေ လာမထားဖို့ တောင်းဆိုတာ ကျနော်တို့ အလွန်လား” ဟု ပူတင်က မေးခွန်းထုတ်ခဲ့သည်။

မော်စကိုသည် ယူကရိန်းအနီးတွင် ရုရှားတပ်များ ချထားမှုနှင့်ပတ်သက်၍ တင်းမာမှုတိုးလာနေချိန်တွင် ၎င်း၏တောင်းဆိုချက်ကို ချပြခဲ့သည်။ အကယ်၍ ယူကရိန်းကို ရုရှား ဝင်တိုက်လျှင် ရုရှားအတွက် အကျိုးဆက်များ ပြင်းထန်စွာရင်ဆိုင်ရမည်ဟု ယခုလအစောပိုင်း၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗီဒီယိုခေါ်ဆိုမှုမှတစ်ဆင့် ပူတင်ကို သတိပေးခဲ့ပြီးဖြစ်သည်။

ယူကရိန်းကို တိုက်ခိုက်မည့်အစီအစဉ်မရှိကြောင်း ရုရှားက ငြင်းဆိုသော်လည်း ယူကရိန်းတွင် နေတိုးတပ်များ တိုးမြှင့်လာခြင်းနှင့် လက်နက်ဖြန့်ကြက်လာခြင်းတို့ကိုတော့ “အနီရောင်မျဉ်း”အဖြစ် သတ်မှတ်ခဲ့သည်။

“ရုရှားက ယူကရိန်းကို မကျူးကျော်ပါဘူးလို့ အာမခံနိုင်သလား” မေးခွန်းကို ဒီဇင်ဘာ ၂၃ ရက်တွင် ဗလာဒီမာပူတင်က “မင်းတို့ကပဲ ငါတို့ကို အာမခံချက်ပေးရမှာ။ အခုချက်ချင်းကို ပေးရမှာ။ ဆယ်စုနှစ်နဲ့ချီပြီး ဘာမှမပြောဘဲ နေလာတာဗျ” ဟု တုံ့ပြန်ခဲ့သည်။

“ကနေဒါ (ဒါမှမဟုတ်) မက္ကစီလိုမျိုး အမေရိကန်ရဲ့နယ်စပ်မှာ ကျနော်တို့ ဒုံးကျည်တွေ သွားထားရင် အမေရိကန် တွေ ဘယ်လိုတုံ့ပြန်မလဲ” ဟု ပူတင်က အော်ဟစ်ပြောကြားခဲ့သည်။

သို့သော် ပူတင်လိုလားသည့် ယူကရိန်းအား နေတိုးထဲ ဆွဲမထည့်ရေး အာမခံချက်မျိုး ရုရှားကို မပေးကြောင်း အမေရိကန်နှင့်မဟာမိတ်နိုင်ငံများက ပြောကြားခဲ့ကြသည်။ မော်စကိုနှင့်ဝါရှင်တန်တို့၏ ဂျနီဗာဆွေးနွေးပွဲမတိုင်မီ အမေရိကန်တာဝန်ရှိသူများသည် ဥရောပမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း အေပီသတင်းအရ သိရသည်။

Source: AP