CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄

ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာသည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စီး လွိုင်ကော်လေဆိပ်သို့ ရောက်ရှိစဉ် KNPP နှင့် PDF ပူးပေါင်းအဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) နံနက် ၈ နာရီကျော်က ပစ်ခတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

ပစ်ခတ်ခံရသော ခရီးသည်တင် လေယာဉ်သည် ခရီးသည် ၆၄ ဦးကို တင်ဆောင်လာသော မြန်မာ့အမျိုးသားလေကြောင်း လိုင်းမှ လေယာဉ်တစ်စီးဖြစ်ပြီး ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ လွိုင်ကော်လေဆိပ်သို့ ဆင်းသက် ရောက်ရှိစဉ် လွိုင်ကော်မြို့အနောက်ဘက် ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဘာဒိုကျေးရွာ၏ အနီးနှင့် သင်္ချိုင်းကုန်းနေရာတို့မှ KNPP နှင့် PDF ပူးပေါင်းအဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နစက-က ဆိုသည်။

နစက-က “ထိုသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် လေယာဉ်ကွင်း၏ အရှေ့နှင့် အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ နေရာ များသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦနှင့် လေယာဉ်တို့ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်းနှင့် အဆိုပါ လေ ယာဉ်မှာ ခရီးသွားပြည်သူ ၃၈ ဦးအား ပြန်လည်တင်ဆောင်၍ လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့် တွင် ပြန်လည် ထွက်ခွာသွားခဲ့တယ်”ဟု ဆိုသည်။

ပုံ- ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် လွိုင်ကော်လေဆိပ်ကို KNPP နှင့် PDF ပူးပေါင်းအဖွဲ့က ၁၀၇ မမ လျှော့တိုက်ဒုံးဖြစ် ပစ်ခတ်မှုအခြေပြမြေပုံ။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖုန်းလက်ခံ
ဖြေကြားခြင်းမရှိပေ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ဒေသခံ တစ်ဦးက “လက်နက်ကြီး ပစ်သံတော့ ကြားရတာပဲ၊ ဘယ်ကို ပစ်တာလဲ ဘယ်လို ဖြစ်လဲဆိုတာတော့ မသိဘူး။ လက်နက်ကြီးသံတွေတော့ မနက်က ကြားလိုက်ရတယ်”ဟု ပြောသည်။

KNPP သည် နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကာ ကယားပြည်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်း၍ တပ်မတော်အား တိုက်ခိုက်လျက်ရှိသည်။

ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ် (Bilateral)ရေးထိုးထားပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)ထိုးနိုင်ရေး ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်အထိ ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော ကရင်နီလက်နက်ကိုင်အဖွဲ့ဖြစ်သည်။