CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၂၄

ထိုင်း-မြန်မာ နယ်စပ်အနီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေချိန်တွင် မြန်မာ့တပ်မတော်မှ လေယာဉ်များ ဖြန့်ကြက်ပျံသန်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက်က မြန်မာစစ်လေယာဉ်များ ထိုင်းနိုင်ငံ၏ ဝေဟင်ပိုင်နက်အတွင်းသို့ ဖြတ်သန်း ဝင်ရောက်ခဲ့မှုမရှိကြောင်း ထိုင်းတော်ဝင်လေတပ်၏ ပြောကြားချက်ကို ကိုးကားလျက် ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

နယ်စပ်အနီး စစ်လေယာဉ်များ ဝဲပျံခဲ့ခြင်းကို ထိုင်းလေကြောင်းရန် ကာကွယ်ရေးစနစ်က တွေ့ရှိခဲ့သော်လည်း အဆိုပါ လေယာဉ်များသည် နယ်စပ်ဖြတ်ကျော်ခြင်း မရှိခဲ့ကြောင်း ထိုင်းလေတပ်ဦးစီးချုပ် နာပါဒက်ချ်ဒူဖက်တီမီယာ (Napadej Dhuphtemiya) က ပြောကြားခဲ့သည်။

ရန်စခြင်းဟု ရှုမြင်နိုင်သော ခြေလှမ်းများ မဝင်လာလျှင် ထိုင်းအတွက် အကောင်းဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။ နယ်စပ်အနီး မြန်မာစစ်လေယာဉ် တွေ့ရှိပါက ထိုင်းဘက်မှ သတိပေးချက် ထုတ်ပြန်မည်လား မေးခွန်းကို ၎င်းက အထက်ပါတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာဘက်မှ တိုက်ပွဲများသည် ထိုင်းနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိသလို အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးလည်း ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ၏ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် မိမိ တို့ လေတပ်အနေဖြင့် အစွမ်းကုန် လုပ်ဆောင်နေကြောင်း ၎င်းက အခိုင်အမာ အတည်ပြုခဲ့သည်။

တစ်ချိန်တည်းတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်နိုင်သည့် အန္တရာယ်ရှိနေကြောင်း သတိပေးပြီးနောက် အရပ်သားများကို လေ ကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခံလာရခြင်းကြောင့် မြန်မာနိုင်ငံ၏ သက်တမ်းအကြာဆုံး လက်နက်ကိုင် ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU)က ထိုင်းနယ်စပ်အနီးတွင် “မပျံသန်းရဇုန်” သတ်မှတ်ပေးရန် နိုင်ငံ တကာ အကူအညီလိုလား နေသည်ဟု ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားထားသည်။

မကြာသေးမီက တပ်မတော်နှင့် KNU အဖွဲ့တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး ထောင်နှင့်ချီသော အရပ်သားများ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခိုလှုံလာကြသည်။ ယခုရက် ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသူ ၃,၄၀၀ ခန့်ရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနေသူများမှာလည်း မြန်မာဘက်ခြမ်းတွင် ထောင်နှင့်ချီ ၍ သောင်တင်နေဆဲ ဖြစ်သည်။

ပုံ-မြန်မာ့လေတပ်ပိုင် တိုက်လေယာဉ်တစ်စီးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ဆေးနေစဉ်။

ယခုသီတင်းပတ်၌ ထွက်ပေါ်လာသော သဘောထား မှတ်ချက်များတွင် အရပ်သားများအပေါ် စစ်ရေးအရ လေကြောင်း တိုက်ခိုက်မှု ဖြစ်နိုင်ခြေ များလာကြောင်း KNU က သတိပေးခဲ့သည်။

“ဒီလေကြောင်း တိုက်ခိုက်မှုတွေက စစ်စခန်းတွေ မဟုတ်ဘဲ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေအိမ်တွေနဲ့ ကျေးရွာစတဲ့ အရပ်သား အခြေစိုက်နေရာတွေ ဖြစ်နေတယ်”ဟု KNU နိုင်ငံခြားရေးဌာနအကြီးအကဲ စောတောနီးက ပြောသည်။

မြန်မာ့တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူထံ သဘောထား မှတ်ချက်တောင်းခံရန် ကြိုးစားခဲ့သော်လည်း တယ်လီဖုန်း လက်ခံ ဖြေကြားခြင်း မရှိပါ။

KNU က မပျံသန်းရဇုန် သတ်မှတ်ပေးရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူပေးရန် နိုင်ငံ တကာ အသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့်လက လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ သဘောတူထားသည့် ရှားရှားပါးပါး ထုတ်ပြန်ချက်တစ်ခုတွင် မြန်မာ နိုင်ငံ တစ်ဝန်း အကြမ်းဖက်မှုများအပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်းနှင့် အစွမ်းကုန် ထိန်းသိမ်း လုပ်ဆောင်သွားရန် မြန်မာ တပ်မတော်ကို တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီလ တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတွင် ပဋိပက္ခအဆုံးသတ်ရန် နိုင်ငံတကာ ကြိုးပမ်းမှုများသည် သံတမန်ရေးအရ အစပျိုးမှုနှင့် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုမှ တဆင့် စီးပွားရေးအရ ဖိအားပေး ရန် ကြိုးပမ်းမှုများသာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြော သည်။

AAPP မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများကို ကုလသမဂ္ဂက ကိုးကားခဲ့ခြင်းအပေါ် နစက-က ပုံကြီး ချဲ့ခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

Source: Bangkok Post