၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ချင်းပြည်နယ်အတွင်းတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ Pu Cin Sian Sum (အသက် ၃၈ နှစ်)ကို မိမိတို့ ဇိုမီးပြန်လည် သွေးစည်းညီညွတ်ရေး တပ်မတော်(ZRA/ZRO)မှ သတ်ဖြတ်ခဲ့ခြင်းမရှိဘူးဟု ZRA မှ အရှေ့ပိုင်း ဒါရိုက်တာ ပူဇိုထန်က ပြောသည်။

Pu Cin Sian Sum ကို ဒီဇင်ဘာ ၅ ရက်က ZRA မှ နေအိမ်အတွင်း ဝင်ရောက် လုပ်ကြံသတ်ဖြတ် လိုက်ကြောင်း ချင်းပြည်နယ် ပူးတွဲကာကွယ်ရေးကော်မတီ (CJDC) မှ ထုတ်ပြန်ခဲ့သည်။

ZRA မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က “အဲတာ မဆိုင်ဘူး။ ကျနော်တို့က လုံးဝ မသိခဲ့ဘူးလေ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့သတင်းမှာ ကျ‌နော်တို့ ကြားရသလောက် သူတို့ အတွင်းကျကျမှာ ချင်းနဲ့ဇိုမီး ပေါင်းမယ့် အနေအထားမှာ သူတို့ သူတို့မှာ ပြဿနာရှိတယ်တဲ့။ ကြားထဲမှာလေ။ ဟိုဘက်ပါမလား၊ ကိုယ့်ဘက် ပါမလားဆိုတဲ့ အပိုင်းထဲမှာ ပြဿနာရှိတယ်လို့ ကြားတာ ပေါ့လေ။ ကြားတဲ့ နောက်ပိုင်းမှာ ပြဿနာဖြစ်သွားတာ။ ကျနော်တို့နဲ့ လုံးဝမဆိုင်ဘူး။ သိလည်း မသိခဲ့ဘူး” ဟု ပြောသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်သည့်ကိစ္စမှာ မိမိတို့ အနေဖြင့် မသိရှိကြောင်း၊ ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း ၎င်းက ပြော သည်။

Pu Cin Sian Sum လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည့် CJDC မှ သတင်းနှင့် ပြန်ကြားရေးဌာန အတွင်းရေးမှူး Paul ကတော့ မိမိတို့မှာ အထောက်အထား ရရှိထားကြောင်း ပြောသည်။

၎င်းက “ကျနော်တို့ မြေပြင်ရဲ့ သတင်းအသေးစိတ် အချက်အလက်တွေလည်း ကျနော်တို့မှာ ရှိလို့ အထောက်အထား သူတို့ ဖုန်းခေါ်တဲ့ပုံစံ၊ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွယ်လာလဲ၊ အသေးစိတ်လည်း ကျ‌နော်တို့မှာ Record ယူထားတာရှိပါတယ်။ မှတ် တမ်းတွေ ရှိပါတယ်။ အဲတာကို သေချာလို့ပဲ ထုတ်ပြန်ချက် CJDC ကနေ ဒါကို Statement ထုတ်တာဖြစ်ပါတယ်”ဟု ပြော သည်။

Pu Cin Sian Sum သည် နွေဦးတော်လှန်ရေးတွင် PDF-Zoland နှင့်အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ၎င်းအသက်ပေးဆပ်ရသည့်အပေါ် CJDC အနေဖြင့် မိသားစုနှင့်အတူ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံ-ZRA စခန်းတစ်ခုကိုတွေ့ရစဉ်။

CJDC အနေဖြင့် မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီ ထူ‌ထောင်ရေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းမှု ရှိသလို ချင်းပြည်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ (၁၇)ဖြင့် စုဖွဲ့ထားကြောင်း Paul က ပြောသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဉီး(CNF)၊ ZRA၊ ကသည်းလက်နက်ကိုင်၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ တပ်မတော် စသည့် လက်နက်တပ်ဆင်ထားသေ အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိကြသည်။

အဆိုပါ အဖွဲ့အစည်းများအနက် CNF နှင့် ZRA ကြားလည်းကောင်း၊ ZRA နှင့် ချင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြားလည်း ကောင်း၊ တပ်မတော်နှင့် ချင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြားလည်းကောင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။