CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရသည့်အချိန်တွင် မြွေပူရာကင်းမှောင့်ဆိုသကဲ့ သို့ အချို့သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်းကျင့်ဝတ်များကို မျက်ကွက်ပြုကာ မိမိတို့ တာဝန်ကျရာဆေးရုံ၊ ဆေးပေးခန်းများကို စွန့်ခွာသွားကြသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ (ဒီဇင်ဘာ ၂၀ ရက်)တွင် ကျင်းပသည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်း ဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောစဉ်အထက်ပါအတိုင်း နစကဥက္ကဋ္ဌက ထည့်သွင်း ပြော သွားခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါသည် မြန်မာနိုင်ငံတွင် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စသဖြင့် ဖြစ်ပွားခဲ့ပြီး တတိယလှိုင်း ၌ ကူးစက်မှုနှုန်းနှင့်သေဆုံးမှုနှုန်းများ မြင့်မားခဲ့ကြောင်း၊ ထိုသို့ ဖြစ်ခဲ့ရခြင်းမှာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း စည်းကမ်း များကို လိုက်နာမှုအားနည်းခြင်း၊ တစ်ကမ္ဘာလုံးအနေဖြင့် ကူးစက်မြန်ဗီဇပြောင်း ဒယ်တာမျိုးကွဲများ ပျံ့နှံ့ရောက် ရှိလာခြင်း၊ ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများ မပြည့်စုံမှုများကြောင့် ကိုဗစ်တတိယလှိုင်းကို အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည် ကို အားလုံးအသိပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နစကဥက္ကဋ္ဌက “ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည့်အချိန်တွင် မြွေပူရာ ကင်းမှောင့်ဆိုသကဲ့သို့ အချို့သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်း ကျင့်ဝတ်များကို မျက် ကွယ်ပြုကာ မိမိတို့ တာဝန်ကျရာဆေးရုံ၊ ဆေးပေးခန်းများကို စွန့်ခွာသွားကြသည့် ဂုဏ်သိက္ခာမဲ့ လုပ်ရပ်များကြောင့် လူနာ များ မနိုင်မနင်းဖြစ်ကာ အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုများဖြစ်ပွားခဲ့သည်ကို မြင်တွေ့ခဲ့ရမည်ဖြစ်တယ်”ဟု ပြော သည်။
အဆိုပါကာလများတွင် ကျန်းမာရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရပြီး အဓိကဆုံးရှုံးနစ်နာရသူများသည် သာမန် ပြည်သူလူထုများသာ ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သား ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုကို ထိန်းချုပ် ဆောင်ရွက် နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့နောက် စတုတ္ထလှိုင်းဖြစ်ပွားလာနိုင်မှုကို ကြိုတင်မျှော်တွေးပြီး ကိုဗစ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ် များကို အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန်အတွက် နစက-က ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် တပ်မတော် အနေဖြင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း အချို့သည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့က အရပ်သားအစိုးရကို ဖြုတ်ချခဲ့ခြင်း ကြောင့် တပ်မတော်ကို ဆန့်ကျင်သည့်အနေဖြင့် CDM လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြသည်။