တိုကျို၊ ဒီဇင်ဘာ ၂၁
လာမည့်ဧပြီလမှစတင်လျက် ဂျပန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော်လက်ခံနိုင်ရန်အတွက် ဘဏ္ဍာနှစ်တစ်နှစ်လျှင် ယန်းငွေ ၂၁၁ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၈၆ ဘီလီယံ) ကို တိုကျိုက ပေးချေမည် ဖြစ်သဖြင့် ယခင်က ဝါရှင်တန်နှင့် ညှိနှိုင်းထားသည့်အစီအစဉ်ထက် တစ်နှစ်လျှင် ယန်းငွေ ၁၀ ဘီလီယံခန့် တိုးလာမည်ဖြစ်ကြောင်း rt.com တွင် တွေ့ရသည်။
အဆိုပါသဘောတူညီချက်အရ ဂျပန်က ၅ နှစ်တာကာလအတွင်း အမေရိကန်ဘက်သို့ ယန်းငွေ ၁ ဒသမ ၀၅ ထရီလီယံ (ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံခန့်) ပေးချေရမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဒီဇင်ဘာ ၂၁(ယနေ့) သတင်းဖော်ပြကြသည်။ ထိုသို့ပေးချေရေးသဘောတူညီချက်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ် ရေးဝန်ကြီးများက တရားဝင်လက်မှတ်ထိုးကြမည်ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ရှေ့လဇန်နဝါရီတွင် တွေ့ဆုံကြရန် စီစဉ်ထားသည်။
တရုတ်နှင့် ထိတွေ့ဆက်ဆံရာတွင် ဂျပန်အနေဖြင့် အမေရိကန်တပ်များကို လိုအပ်၍ အိမ်ရှင်နိုင်ငံ၏ပံ့ပိုးမှု ပေးချေရန် တိုးမြှင့်ရန် ဘိုင်ဒန်အစိုးရ၏တောင်းဆိုမှုကို တုံ့ပြန်မှုအနေဖြင့် ယခုသဘောတူညီချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ကြောင်း ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် ကျိုဒိုက ထုတ်လွှင့်ခဲ့သည်။
Phot-Japan times
ဂျိုးဘိုင်ဒန်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ယခုနှစ်ဖေဖော်ဝါရီလတွင် ဂျပန်နှင့် အမေရိကန် ကြားဖြတ်သဘောတူညီချက်အရ ၎င်းတပ်ဖွဲ့ဝင်များ ပံ့ပိုးမှုအတွက် လက်ရှိဘဏ္ဍာရေးနှစ်အတွက် ဂျပန် ကာကွယ်ရေးဘတ်ဂျက်မှာ ယန်းငွေ ၂၀၁ ဒသမ ၇ ဘီလီယံဖြစ်သည်။
ယခုကာကွယ်ရေးတိုးမြှင့်မှု၏တစိတ်တပိုင်းအဖြစ် အမေရိကန်စစ်တပ်နှင့် ဂျပန်နိုင်ငံ၏ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းသုံးစွဲသည့် အဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်းအပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်များက မိုင်နီချီရှင်ဘွန်း (Mainichi Shimbun) သတင်းစာသို့ ပြောကြားခဲ့ကြသည်။
ဂျပန်နှင့်တောင်ကိုရီးယားတို့တွင် လာရောက်တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်အင်အားမှာ ဝါရှင်တန်၏ ကမ္ဘာအရပ်ရပ်တွင်ထားရှိသည့် စုစုပေါင်းအင်အား၏ ထက်ဝက်နီးပါးရှိပြီး ဂျပန်၌ အင်အား ၅၄,၀၀၀ နှင့် တောင်ကိုရီးယား၌ ၂၆,၀၀၀ အသီးသီးဖြစ်သည်။
Source: rt.com