၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချရေး နစကနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)တို့ ညှိနှိုင်း နေသည်ဟု သတင်းထွက်နေသော်လည်း မိမိအနေဖြင့် မသိရှိသေးသလို ညှိနှိုင်းမှုမရှိကြောင်း KNU မှ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက CNI သတင်းဌာနသို့ ပြောသည်။
တိုက်ပွဲများ လျှော့ချရေးနှင့် တိုက်ပွဲရှောင်များ အကူအညီပေးနိုင်ရေးအတွက် နစကနှင့် KNU တို့ ညှိနှိုင်းခဲ့သည်ဟု သတင်း ဌာနအချို့တွင် ရေးသားဖော်ပြလျက်ရှိနေသည်။
KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက “ညှိနှိုင်းတယ်ဆိုတာကတော့ ကျနော်ကတော့ အဝေးမှာနေတာဆိုတော့ အတိအကျ မသိရပါလား အဲတာတော့။ အဲလိုညှိတာတော့ မရှိဘူးဗျ။ ဒါမယ့် ကျနော်တို့ကတော့ အခု လေးကေ့ကော်မှာ ဆက်ပြီး မတိုက် ဖို့ ကျနော်တို့ တောင်းဆိုတာတော့ ရှိတာပေါ့နော်။ တစ်ဖက်က တုံ့ပြန်မှုကတော့ ဘာမှ မရှိသေးဘူးလို့ ပြောလို့ရတာပေါ့။ အခု စစ်အင်အားတိုးချဲ့ပြီးတော့ ထိုးစစ်မဆင်ဖို့၊ နောက်တစ်ခုကတော့ ကျနော်တို့ နိုင်ငံတကာ တောင်းဆိုတာကတော့ ဒီစစ်တပ် က များသောအားဖြင့် ခြေလျင်တပ်နဲ့ မြေပြင်မှာ တိုက်ပွဲက အားဖြည့်ဖို့အတွက် သူတို့က လက်နက်ကြီးရယ်၊ နောက်ပြီးတော့ စစ်လေယာဉ်သုံးပြီးတော့ ဗုံးတွေ ဘာတွေချတာတွေ ရှိတာကိုး။ အဲတာ မသုံးဖို့အတွက် ကျနော်တို့ တောင်းဆိုထားတယ်” ဟု CNI သို့ ပြောသည်။
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တွင် တပ်မတော်နှင့် KNU ကြား တိုက်ပွဲကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် နေသူများအား နိုင်ငံတကာအဖွဲ့အစည်းများကို ဝင်ရောက်တွေ့ဆုံခွင့်ပေးရန် အပြင် လိုအပ်သည့် အကူအညီများ ပေးအပ်နိုင် ရေး ကူညီပံ့ပိုးမှုများ စီစဉ်ဆောင်ရွက်ပေးရန် ဒီဇင်ဘာ ၂၀ ရက်က KNU တောင်းဆိုခဲ့သည်။
ထို့နောက် လူသေဆုံးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများကို နစက(မူရင်း-စစ်ကောင်စီ)မှ အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံ သတ်မှတ်ပေးရန် KNU က တောင်းဆိုခဲ့သည်။
ပုံ- KNU မှ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကို တွေ့ရစဉ်။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချနိုင်ရေးနှင့်ပတ်သက်၍ နစကနှင့် KNU တို့ ညှိနှိုင်းခဲ့ခြင်း ရှိ/ မရှိ သိရှိနိုင်ရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
နိုင်ငံရေးပြဿနာများ ဖြေရှင်းရန်အတွက် တွေ့ဆုံဆွေးနွေးရေးတွင် သမာသမတ်ရှိသည့် ကြားခံအဖွဲ့အစည်း လိုအပ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
၎င်းက “တကယ့် ကျနော်တို့နိုင်ငံရဲ့ အကျိုးအတွက် ပြည်သူရဲ့အကျိုးအတွက် လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ ဆွေးနွေးလို့ ရနေတာပဲ။ သို့သော် အခုအနေအထားက ဒီနိုင်ငံတကာရဲ့ ပါဝင်မှုကတော့ လိုအပ်နေတာပေါ့နော်။ ဒါမှ သမာသမတ်ရှိမှာ။ ကျနော်တို့ အတွေ့အကြုံအရတော့ တွေ့ဆုံဆွေးနွေးရေး လုပ်တဲ့အချိန်မှာကြတော့ တန်းတူ သမာသမတ် မရှိတဲ့ အပေါ်မှာ တော့ အခက်အခဲ ရှိတဲ့အပေါ်မှာ တကယ့် သမာသမတ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ဖို့အတွက် ကြားခံ၊ သို့မဟုတ်ရင်လည်း ညှိနှိုင်းရေးအဖွဲ့ပေါ့လေ၊ ကြားခံညှိနှိုင်းရေးအဖွဲ့ရှိရင် ပိုကောင်းတာပေါ့နော်။ တပ်မတော်ကလည်း လက်ခံနိုင်မယ့် အဖွဲ့ အစည်းမှ ဖြစ်နိုင်မှာကိုး”ဟု CNI သို့ ပြောသည်။
တပ်မတော်၏ ကျဆင်းနေသည့် ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား တိုက်ပွဲ ဖြစ်ပွားရာ ဒေသများမှ ပြန်လည် ရုတ်သိမ်းသွားရန် KNU က ဒီဇင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားသည်။
လေးကေ့ကော်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅၀၀၀ ဝန်းကျင်သည် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းနှင့် မြန်မာနိုင်ငံ မြဝတီမြို့ ပေါ် သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။