မင့်စ်၊ ဒီဇင်ဘာ ၂၁
ရွှေ့ပြောင်း အခြေချသူများ အကျပ်အတည်းနှင့်ပတ်သက်၍ အနောက်အုပ်စု အပြစ်တင်နေစဉ်အတွင်း ဒီဇင်ဘာ ၂၀ ရက်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဘီလာရုစ်သံရုံး တိုက်ခိုက်ခံခဲ့ရပြီး သံတမန်တစ်ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း ဘီလာရုစ်အစိုးရက ထုတ်ဖော် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင် ပိုလန်နှင့်ဘီလာရုစ်နယ်စပ်သို့ ရွှေ့ပြောင်းအခြေချသူ ဝင်ရောက်နေခြင်းကို ဘီလာရုစ်က တွန်းအားပေးနေကြောင်းနှင့် EU ပိတ်ဆို့ဒဏ်ခတ်မှုကို ထိုလုပ်ရပ်ဖြင့် တုံ့ပြန်ခြင်းဖြစ်ကြောင်း အနောက်နိုင်ငံများက စွပ်စွဲထားကြသည်။
လန်ဒန်ရှိ မိမိတို့သံရုံးကို အစွန်းရောက် ရွှေ့ပြောင်း အခြေချသူများဟု ယူဆရသည့် သံသယရှိသူများက တိုက်ခိုက်ခဲ့ကြ ကြောင်း ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော သံတမန်များကို ကိုယ်ထိလက်ရောက် ထပ်မံတိုက်ခိုက်ခဲ့ပြီး သံရုံး အဆောက်အဦ မျက်နှာစာကို ထိခိုက်စေခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ပုံ-ဘီလာရုစ်သမ္မတလူကာရှန်ကို။ (AFP)
ဘီလာရုစ် သံတမန်တစ်ဦးသည် ထိုဖြစ်စဉ်ကြောင့် နှာခေါင်းရိုးကျိုးခြင်း၊ ဦးခေါင်းထိခိုက်ခြင်းနှင့် သွားတစ်ချောင်း ကျွတ်ခြင်း စသည့် ထိခိုက်ဒဏ်ရာများရခဲ့၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။
အခင်းဖြစ်ပွားသည့်နေရာမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် တိုက်ခိုက်သူများကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းပြည်တွင်းရှိ ဗြိတိန်ယာယီသံအမတ်ကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီ လများအတွင်း ဘီလာရုစ်နှင့် အနောက်အုပ်စုတို့အကြား တင်းမာမှုများ တိုးလာနေခဲ့ပြီး သမ္မတ လူကာရှန်ကို အစိုးရအပေါ် ရွှေ့ပြောင်း အခြေချသူများ အကျပ်အတည်းအတွက် အနောက်အုပ်စု ခေါင်းဆောင်များက အပြစ်တင်ခဲ့ကြ သည်။
၁၉၉၄ ခုနှစ် ကတည်းက နိုင်ငံကို အုပ်ချုပ်ခဲ့သူ လူကာရှန်ကိုကတော့ အနောက်အုပ်စု စွပ်စွဲချက်များကို ပယ်ချခဲ့သည်။
Source: AFP, The Straits Times