ဆန်နာရာ၊ ဒီဇင်ဘာ ၂၁

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ယီမင်နိုင်ငံ၊ မြို့တော်ဆာရာနာရှိ လေဆိပ်တစ်ခုကို ဒီဇင်ဘာ ၂၀ ရက်က လေ ကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများလုပ်ဆောင်ရန် ဟူသီသူပုန်များက လေဆိပ် အဆောက်အဦများကို အသုံးချနေကြောင်း ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့က ပြောသည်။

ယီမင်နိုင်ငံတွင် အစ္စလာမ္မစ်သူပုန်များနှင့် အစိုးရတို့အကြား ၂၀၁၄ ခုနှစ်က စတင်ပြီး ပြည်တွင်းစစ် ဖြစ်ပွားနေဆဲရှိသည်။

အဆိုပါလေဆိပ်ကို ဟူသီသူပုန်တပ်ဖွဲ့များက နှစ်အတန်ကြာအောင် သိမ်းပိုက်ထားခဲ့ပြီး လေဆိပ်၏ အရေးပါမှုမှာ ကုလသမဂ္ဂ ဦးဆောင်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၏ အချက်အချာ ဖြစ်နေခြင်းဟု သိရသည်။

ယခုတိုက်ခိုက်မှု မဖြစ်ပွားမီ ကုလသမဂ္ဂ အကူအညီပေးရေး ဝန်ထမ်းများကို ပစ်မှတ်ထားသည့်နေရာမှ အမြန်ဖယ်ရှား ထွက် ခွာကြရန် ညွန့်ပေါင်းတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း ဆော်ဒီနိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြသည်။

ယင်းတိုက်ခိုက်မှု၌ တရားဝင် စစ်ရေးပစ်မှတ်ဟု ယူဆရသော နေရာများကို အကန့်အသတ်ဖြင့် ပိုင်းခြား တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်းနှင့် ပစ်မှတ် ၆ ခုကို ထိမှန်ခဲ့ကြောင်း ၎င်းတပ်ဖွဲ့မှ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် တာကီအယ်လ်မယ်လ်ကီ (Turki al-Malki) က ပြောကြားခဲ့သည်။

ပစ်မှတ်ထားသော နေရာများမှာ ဒရုန်းများ ပစ်လွှတ်ရန် သုံးသည့်နေရာများ၊ ဒရုန်း လေ့ကျင့်ရေးဝန်ထမ်းများ နေထိုင်သည့် နေရာများ၊ ဒရုန်းများ သိမ်းဆည်းထားသော နေရာများ စသဖြင့် ပါဝင်ကြောင်း သိရသည်။

“ဒီပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးတာဟာ လေဆိပ်ပုံမှန် လည်ပတ်နိုင်မှုအပေါ် မထိခိုက်ပါဘူး။ ဝေဟင်ပိုင်နက်၊ လေယာဉ် အတက်အဆင်းနဲ့ မြေပြင်ထိန်းချုပ်မှု လုပ်ငန်းတွေလည်း ဘာမှ မထိခိုက်ဘူး” ဟု ကြေညာချက် တစ်စောင်ထဲတွင် ဗိုလ်မှူး ချုပ် တာကီအယ်လ်မယ်လ်ကီက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု ပမာဏနှင့် ပစ်မှတ်များကို အတိအကျ ထိမှန်ခြင်း ရှိ/မရှိ နှစ်ဘက်စလုံးမှ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

အာရပ်ကမ္ဘာတွင် အဆင်းရဲဆုံး နိုင်ငံဖြစ်သည့် ယီမင်သည် ပြည်တွင်းစစ် စဖြစ်ကတည်းက ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

မကြာသေးမီ လများအတွင်းက ပြည်တွင်း၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

ဟူသီသူပုန်တပ်ဖွဲ့များသည် ယီမင်အလယ်ပိုင်း မာရစ်မြို့နှင့် ကမ်းရိုးတန်းရှိ ဟိုဒီဒါမြို့တို့ကို ပစ်မှတ်ထားခဲ့ပြီး ညွန့်ပေါင်းတပ် ဖွဲ့များက ဆာရာနာမြို့တော်နှင့် သူပုန်ထိန်းချုပ်ထားသော အခြားဒေသများကို လေကြောင်းမှ တိုက်ခိုက်မှုများ တိုးမြှင့်ခဲ့ သည်။

ဟူသီသူပုန်များသည် နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို ဆာရာနာမြို့တော်မှ ဖြုတ်ချပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များက ယီမင်ကို ဝင်ရောက်စွက်ဖက်လာခဲ့သည်။

ယီမင်ပြည်တွင်း ပဋိပက္ခအတွင်း လူပေါင်းသောင်းနှင့်ချီ၍ သေကြေပျက်စီးခဲ့ပြီး ဒေသတွင်း အင်အားကြီးသူများ ယှဉ်ပြိုင် သော ကိုယ်စားပြုစစ်ပွဲ (proxy war) ဖြစ်လာခဲ့သည်။

Source: BBC