၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁

ယနေ့ တော်လှန်ရေးကို မိမိတို့အားလုံး မီးကုန်ယမ်းကုန် အားထည့်ပြီး အောင်မြင်အောင် လုပ်ရမည်ဟု ယုံကြည်ထားကြောင်း NUG ၏ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) နံနက် ၁၀ နာရီက ကျင်းပခဲ့သော NUG ၏ (၃၆/၂၀၂၁)အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်းဖြစ်သည်။

ဦးမန်းဝင်းခိုင်သန်းက “ လူတစ်စုရဲ့ အာဏာကို တပ်မက်တဲ့လောဘမီးဟာ အပြစ်မဲ့ပြည်သူတွေအားလုံးကို ဒုက္ခရောက်စေ တာ တွေ့ရလို့ ဒီတော်လှန်ရေးကို ကျနော်တို့အားလုံး မီးကုန်ယမ်းကုန် အားထည့်ပြီး အောင်မြင် အောင်လုပ်ရမယ်လို့ ယုံကြည်ထားတယ်”ဟု ပြောသည်။

ပုံ- ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က NUG အစည်းအဝေးကို လုပ်နေစဉ်။

NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလကလည်း မည်မျှပင်ခက်ခဲစေကာမူ နိုင်ငံသူ/သားများ၏ ငြိမ်းချမ်း သာယာရေး၊ ပြည်သူလူထုအာဏာပိုင်စိုးရေးများကို ဆက်လက်ကြိုးပမ်းလုပ်ဆောင်ကြရမှာဖြစ်ကြောင်း ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ဖြုတ်ချ၍ တပ်မတော်မှ နိုင်ငံအား အရေးပေါ် ကြေညာကာ ထိန်းချုပ်ထားသည်။ ထို့ကြောင့် နွေဦးတော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတော်အာဏာပြန်လည် ရရှိရေး NUG က ကြိုးပမ်းလျက်ရှိနေသည်။