CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် လက်နက်ကိုင်ပဋိပက္ခများလျှော့ချနိုင်ရေး အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု နစက-က ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) ထုတ်ပြန်ခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ NDAA ထိန်းချုပ်နယ်မြေ မိုင်းလားမြို့မှာ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ မြောက်ပိုင်းလက်နက်ကိုင် ၆ ဖွဲ့ဖြင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
နစက-က “တွေ့ဆုံ ဆွေးနွေးရာတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA လက်မှတ်ထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့တို့နှင့် လာရောက် တွေ့ဆုံ ရသည့် ရည်ရွယ်ချက်နှင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့မှ တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများ၊ ဆက်လက် လုပ်ဆောင်သင့် သည့် အကြံပြုချက်များ၊ ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးနှံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြသည်” ဟု ဆိုသည်။
ထို့နောက် ညှိနှိုင်းရေးကော်မတီသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ တစ်ဖွဲ့ချင်းစီအားလည်းကောင်း၊ NDAA မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့်အဖွဲ့ဝင်များအားလည်းကောင်း သီးခြားစီ တွေ့ဆုံပြီး လက်နက်ကိုင် ပဋိပက္ခများ လျှော့ ချနိုင်ရေး၊ ဆက်လက် ဆောင်ရွက်ကြမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်ဖက် ယုံကြည်မှု တည်ဆောက် ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးထိန်း ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်တည် ငြိမ် အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်ဟု လည်း နစက-က ဆိုသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို NSPNC ဘက်မှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကော်မတီအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသလို မြောက်ပိုင်းအဖွဲ့များဘက်မှ UWSA၊ AA၊ NDAA၊ MNDAA၊ SSPP၊ TNLA မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ထို့အဖွဲ့များသည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်များဖြစ်ကြပြီး တချို့အဖွဲ့များ ဖြစ် သည့် NDAA၊ UWSA၊ SSPP တို့သည် ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (Bilateral)ထိုးထားကြကြောင်း TNLA၊ MNDAA၊ AA တို့ကမူ Bilateral ထိုးနိုင်ရေး ညှိနှိုင်းလျက်ရှိနေကြသည်။
ထို့နောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးနိုင်ရေးကို ဆက်လက် ဆွေးနွေးကြရန် ကြိုး ပမ်းလျက်ရှိနေကြသည်။