လန်ဒန်၊ ဒီဇင်ဘာ ၁၇
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဒီဇင်ဘာ ၁၆ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်း၏ပါတီ အမြဲ အနိုင်ရခဲ့သော မဲဆန္ဒနယ်တစ်ခု၌ နောက်ထပ်အရေးကြီးသော သွေးတိုးစမ်းမှုနှင့် ရင်ဆိုင်ခဲ့ရပြီး အဆိုပါ အရေး နိမ့်မှုက ခေါင်းဆောင်အသစ်ထပ်မံပေါ်ထွက်ရေး တောင်းဆိုမှုအရှိန်မြင့်လာစေနိုင်ကြောင်း အေအက်ဖ်ပီ သတင်း ကို ကိုးကားလျက် မနီလာတိုင်းမ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကြီးမားသော ပွဲလမ်းသဘင်များအတွက် ကာကွယ်ဆေးထိုးနှံပြီးကြောင်းသက်သေခံလက်မှတ်များ ထုတ်ပေးမည့် အစိုးရအစီအစဉ်ကို ဒီဇင်ဘာ ၁၄ ရက်၌ ဂျွန်ဆင်၏ပါတီမှ လွှတ်တော်အမတ် ၁၀၀ ခန့်က ကန့်ကွက်မဲပေးခဲ့ကြရာ အသက် ၅၇ ခုနှစ်အရွယ်ရှိ ဂျွန်ဆင်အတွက် တုန်လှုပ်စရာဖြစ်သွားခဲ့သည်။
ပြီးခဲ့သည့်နှစ် ခရစ္စမတ်ကာလ၌ ဂျွန်ဆင်နှင့်ဝန်ထမ်းတစ်ဦးတို့ ကပ်ရောဂါဆိုင်ရာကန့်သတ်ချက်များကို ချိုးဖောက် ကြောင်းသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း နောက်ဆက်တွဲအဖြစ်အပျက်နှင့် ဂျွန်ဆင် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ပုံမှန်အချိန်များတွင် မြောက်ရှရိုစပီးယား၏ကျေးလက်အင်္ဂလိပ်မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ တိုင်း အမတ်နေရာ အရေးနိမ့်မှုမရှိခဲ့ခြင်းသည် ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီအတွက် ထုံးစံပဲဖြစ်သည်။
မဲပေးသူ ၈၀,၀၀၀ ကျော်သာရှိသည့် အဆိုပါမဲဆန္ဒနယ်တွင် အများစုထောက်ခံမဲ ၂၃,၀၀၀ ဖြင့် တိုရီအမတ်က ပြန်လည်အနိုင်ရခဲ့သည်။
သို့သော် ယခုကြားဖြတ်ရွေးကောက်ပွဲ မစတင်မီ ဘောရစ်ဂျွန်ဆင်အတွက် သတင်းဆိုးများက မီဒီယာများတွင် ပေါ်ထွက်နေပြီး လူများစုကို ဆွဲဆောင်ရန် မနည်းရုန်းကန်ခဲ့ရသဖြင့် ၎င်းအတွက် သမိုင်းဝင်ကျဆုံးမှုဟုလည်း ထင်ကြေးများရှိနေခဲ့သည်။
ဒီဇင်ဘာ ၁၇ ရက် (ယနေ့) ဂရင်းနစ်စံတော်ချိန် ည ၁၀ နာရီတွင် မဲစာရင်းများ ပိတ်မည်ဖြစ်၍ ဂျွန်ဆင်၏ ဝန်ကြီး ချုပ်ရာထူးအတွက် လူထုဆန္ဒခံယူမှုတစ်ခုအဖြစ် ရှုမြင်နိုင်သည်။ ဂျွန်ဆင်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် မဲ အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
ယခုရွေးကောက်ပွဲတွင် အရှုံးနှင့်ရင်ဆိုင်ရပါက လွှတ်တော်အမတ်များအနေဖြင့် ၎င်းတို့ပါတီခေါင်းဆောင်များ အပေါ် အယုံအကြည်မရှိကြောင်း အဆိုတင်သွင်း၍ ဂျွန်ဆင်ကို ဖယ်ရှားရေးအတွက် ပါတီအတွင်း မဲခွဲဆုံးဖြတ် လာနိုင်စရာ ရှိနေသည်။
ဂျွန်ဆင် ထပ်မံချမှတ်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်အသစ်ကို လွှတ်တော်အမတ် ၁၀၀ ခန့်က မနှစ်မြို့ ကြပေ။
၂၀၁၉ နှစ်လယ်ပိုင်း Brexit (EU မှ ဗြိတိန်နှုတ်ထွက်ရေး) သဘောတူညီချက်ကို လွှတ်တော်အတွင်း မဲခွဲရာတွင် ဂျွန်ဆင်ကိုယ်တိုင် ကန့်ကွက်မဲ ထည့်ဝင်ခဲ့ပြီး သူ့ရှေ့မှ အမျိုးသမီးဝန်ကြီးချုပ် ထရီဇာမေသည် ရာထူးမှ ပြုတ်ကျသွားခဲ့သည်။
လစ်ဘရယ်ဒီမိုကရက်များသည် ကွန်ဆာဗေးတစ်ကို ထိုးနှက်ရန် ယခုအချိန်မှာ အကောင်းဆုံးဖြစ်နေပြီး ဂျွန်ဆင်၏နိုင်ငံရေး ပိုမိုအထိနာစေရန်အတွက် လေဘာပါတီထောက်ခံသူများအပေါ် လစ်ဘရယ်များက မဲဝိုင်းပေးခဲ့ကြသည်။
“ဂျွန်ဆင်၏စွမ်းဆောင်ရည်ကို ကျနော် စိတ်ပျက်မိလို့ လစ်ဘရယ်တွေကို မဲပေးလိုက်တော့မယ်” ဟု ဝစ်ချက် ဈေးမြို့မှ အသက် ၆၈ နှစ်ရှိ မာတင်ဟေးလ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။
Source: AFP, Manila Times