ဘရူဆဲလ်၊ ဒီဇင်ဘာ ၁၇
ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ဖို့ ရုရှားနိုင်ငံကို ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များက ဒီဇင်ဘာ ၁၆ ရက်တွင် ဖိအားပေးခဲ့ကြပြီး မော်စကိုအပေါ် ယခင်မရှိခဲ့ဖူးသော ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)၌ ဝါရှင်တန်နှင့်မဟာမိတ်များ ညှိနှိုင်းလိုသည့် လုံခြုံရေးအစီအစဉ် မူကြမ်းများကို အမေရိကန်ဘက်သို့ ရုရှားအနေဖြင့် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ရုရှားက ပြောဆိုခဲ့ပြီးနောက် ယူကရိန်းအရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်သွားရန် အီးယူက တောင်းဆိုလာခြင်းဖြစ်သည်။
ရုရှားသည် တပ်ဖွဲ့အင်အား ၇,၀၀၀ ကို နယ်စပ်တလျှောက် အရွှေ့အပြောင်းလုပ်ခဲ့ပြီး လာမည့်နှစ်အစောပိုင်းတွင် ယူကရိန်းဘက်သို့ ကျူးကျော်ရန် ပြင်ဆင်နေသည်ဟု အမေရိကန်ထောက်လှမ်းရေးအရာရှိများက ပြောကြား ခဲ့ကြသည်။
ယခင်ကလည်း တိုက်ခိုက်ရေးအစီအစဉ်များ မရှိကြောင်း မော်စကိုငြင်းဆိုနေသည့်ကြားမှပင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့ဖူးသည်။ မျက်မှောက်ကာလတွင် ယူကရိန်းကို နေတိုးအဖွဲ့အတွင်းသို့ မည်သည့်အခါမှ ဆွဲမသွင်းရန် အာမခံချက်အား ရုရှားက လိုလားနေခဲ့သည်။
ဘရူဆဲလ်မြို့မှ ထုတ်ပြန်သည့်ကြေညာချက်တစ်စောင်တွင် EU ခေါင်းဆောင်များက “ရန်လိုသည့် အသုံးအနှုန်း များဖြင့် ယူကရိန်းနယ်စပ်တလျှောက် စစ်ရေးတင်းမာမှု တိုးလာခြင်း လျော့ပါးစေရန်အတွက် ရုရှား၏အခန်းကဏ္ဍ အရေးတကြီးလိုအပ်နေကြောင်း” အလေးပေးဖော်ပြခဲ့ကြသည်။ ယူကရိန်း၏အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုကို အပြည့်အဝထောက်ခံသွားမည်ဟု EU ခေါင်းဆောင်များက ကြေညာချက်ထဲတွင် ကတိပြုခဲ့ကြသည်။
Photo-Reuters
“EU သည် သံတမန်ရေးဖြင့် ကြိုးပမ်းမှုများကို အားပေးပြီး ဘီလာရုစ်နိုင်ငံ၊ မင့်ခ်မြို့သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်အတွက် နော်မန်ဒီပုံစံ ထောက်ခံအားပေးသည်” ဟု ကြေညာချက်ထဲတွင် ရေးသား ထားသည်။ ပြင်သစ်နှင့်ဂျာမနီတို့က ကြားဝင်စေ့စပ်ဆွေးနွေးမှုကို ဦးစားပေးလိုကြပြီး ၂၀၁၅ ခုနှစ် မင့်ခ်မြို့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ကြသည်။
အဆိုပါခေါင်းဆောင်များသည် မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်၊ ဗြိတိန်နှင့် G-7 စက်မှု ၇ နိုင်ငံတို့မှ ပူးပေါင်းပေးပို့သော သဝဏ်လွှာထဲတွင်လည်း “ယူကရိန်းအပေါ် ရုရှားက နောက်ထပ်စစ်ရေးအရ ရန်လိုမှုကြောင့် ကြီးမားသော အကျိုးဆက်ရှိလာမည်ဖြစ်ကြောင်း” သတိပေးထားသည်။
“ကျနော်တို့ဆီမှာ ပြန်လည်အသက်သွင်းနိုင်တဲ့ နော်မန်ဒီပုံစံတစ်ခု ရှိတယ်ဗျ။ အခုကိစ္စက လွယ်တော့မလွယ်ဘူး။ ကျနော်တို့ နှုတ်ဆိတ်နေမှာလည်း မဟုတ်ဘူး။ နယ်နမိတ်အရေးနဲ့ပတ်သက်လာရင် ကျနော်တို့ ရှင်းရှင်းလင်းလင်း ရပ်တည်သင့်ပါတယ်” ဟု မကြာသေးမီက ဂျာမန်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် အိုလာရှော့ဇ်က သတင်းထောက် များကို ပြောကြားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် ၂၀၁၄ ခုနှစ်ကတည်းက ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများနှင့် ယူကရိန်းအရှေ့ပိုင်းတွင် အပြင်းအထန် ထိတွေ့တိုက်ခိုက်ခဲ့ကြပြီးနောက် ၂၀၁၅ ခုနှစ်တွင်မှ တိုက်ခိုက်မှုများ အဆုံးသတ်နိုင်ခဲ့သည်။ သို့သော် ယင်းပဋိပက္ခအတွင်း လူပေါင်း ၁၄,၀၀၀ ခန့် သေကြေပျက်စီးခဲ့ရသည်။
Source: AP