၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊လေးကေ့ကော်မြို့သစ်တွင် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ် မတော်(KNLA)ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စစ်ကကောင်းကျိုးမပေးသည့်အတွက် ငြိမ်းချမ်းရေးက နံပတ် ၁ ဟု ဗိုလ်မှူးနိုင်မောင်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
တပ်မတော်မှ ဒီဇင်ဘာ ၁၄ ရက်က လေးကေ့ကော်မြို့အတွင်း ဝင်ရောက်၍ နွေဦးတော်လှန်ရေးလှုပ်ရှား မှုတွင် ပါဝင်သူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်မှာ ယနေ့ (ဒီဇင်ဘာ ၁၇ ရက်)ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။
BGF မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က “လောလောဆယ်တော့ ကျနော်တို့ ပြောဖို့ ခက်သေးတယ်။ ဒေသအေးချမ်းဖို့ အတွက်ကတော့ နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရမယ်လေ။ ငြိမ်းချမ်းဖို့အတွက် က နံပတ်တစ် ဦး စားပေးကိစ္စပဲ၊ စစ်က ကောင်းမှ မကောင်းတာ။ စစ်က ဘယ်သူ့အတွက်မှမကောင်းဘူး။ပြည်သူ အတွက်လည်း မကောင်းဘူး။ အခုလည်းကြည့်ပါလား လူတွေအများကြီး စိတ်မချမ်းသာစရာကြီး စစ်ပြေးဒုက္ခသည် ဖြစ်နေတာ” ဟု CNI သို့ ပြောသည်။
KNU တပ်မတော်(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကတော့ လောလောဆယ်မှာ ညှိနှိုင်းဆောင်ရွက်မှု လုပ်ရန် အချိန်မတန်သေးဘူးဟု ဆိုသည်။
ပုံ- ဗိုလ်မှူးနိုင်မောင်ဇော်ကိုတွေ့ရစဉ်။
၎င်းက “ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ကတော့ ၅ နှစ်၊ ၇ နှစ်လောက် ကျော်လွန်ခဲ့ပြီ ဖြစ်တယ်။ စစ်ကောင် စီနဲ့ ပတ်သက်ရင်တော့ တိုင်းရင်းသားအရေးပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ အရေးပဲဖြစ်ဖြစ် ညှိနှိုင်းဆောင်ရွက်လာခဲ့တာ ကြိုးစားလာခဲ့တာ ကြာခဲ့ပြီ။ အနီးစပ်ဆုံး၊ NCA စာချုပ် မှာလည်းပဲ ကျနော်တို့ ညှိနှိုင်း ဆောင်ရွက်လာခဲ့တာ ၇ နှစ် နီးပါးလောက် ကြာခဲ့ပါတယ်။ ဘာမှ အကျိုးမရှိတဲ့အပြင် သူတို့ဘက်ကနေ တဘက်သတ် အနိုင်ကျင့်ပြီးတော့မှ အသာစီး ကနေယူတာပဲ ရှိတဲ့အခါကြတော့ ညှိနှိုင်း ဆောင် ရွက်မှု အပိုင်းမှာတော့ အားကိုးလို့ မရသေးဘူး။ အချိန် မတန် သေးဘူးလို့လည်း ပြောလို့ရပါတယ်” ဟု CNI သို့ ပြောသည်။
လေးကေ့ကော်မြို့အနီးတိုက်ပွဲကြောင့် လက်ရှိတွင် တိုက်ပွဲရှောင် ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်း ရှောင်နေကြရသည်။
ထို့နောက် တပ်မတော်နှင့် KNLA တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ၁၈ ဉီး ကျဆုံးပြီး ၈ ဉီး ဖမ်းဆီးခံ ခဲ့ရကြောင်း ကရင်ပြည်နယ် ဒေသတွင်း သတင်းမီဒီယာများနှင့် PVTV သတင်းဌာနတို့က ဖော်ပြထားကြသည်။
အဆိုပါ ဖမ်းဆီးခံရသည့် ၈ ဉီးတွင် တပ်မတော်သား ၆ ဉီးနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ၂ ဉီး ဖြစ် ကြောင်းလည်း ဖော်ပြထားကြသည်။
ပုံ- လေးကေ့ကော်တိုက်ပွဲအတွင်း တိုက်ပွဲရှောင်ကြရသူများ။(MPA)
ထိုဖော်ပြချက်များနှင့်ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးကြောင်း BGF မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က CNI သတင်းဌာနကို ပြောသည်။
၎င်းက “ကျနော်တို့လည်း ဂဃနဏ မသိသေးဘူး။ အခုချိန်က ဘာတွေမှန်းလည်း မသိသေးဘူး ရှုပ်နေတယ်နော်။ ပြီးမှ အေးအေးဆေးဆေး ပြန်ပြောမယ်နော်။ လတ်တလော တိုက်ပွဲ အခြေအနေကတော့ သေးသေးလေးကနေ အကြီးကြီး ဖြစ်လာတဲ့ ပုံစံမျိုးပေါ့နော်”ဟု CNI သို့ ပြောသည်။
KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်တိုက်ပွဲတွင် တပ်မတော်ဘက်မှ တပ်သား ၈ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရရှိခဲ့ကြောင်း ဒူးမလာယာခရိုင်က ယနေ့ (ဒီဇင်ဘာ ၁၇ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း တပ်မတော်သား ကျဆုံးမှုနှင့် ဖမ်းဆီးခံရမှုများ ဖော်ပြထားချက်နှင့် ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံ CNI မှ ဆက်သွယ် မေးမြန်းသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေး ပေ။
KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် က တခြားသော လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသော ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။