CNI NEWS

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့အနီးမှာ တပ်မတော်နှင့် KNU ၏ လက်အောက်ခံ KNLA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားစဉ် ဖမ်းဆီးရမိထားသူများကို ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း KNU ဘက်က ထုတ်ပြခဲ့ရာ ဒေသတွင်း ကရင် သတင်းဌာနတစ်ခုဖြစ်သော KIC က ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ပွဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ မနက်ပိုင်းထိ တိုက်ပွဲများ လေးကေ့ကော်မြို့အနီးမှာ ဖြစ်ပွားခဲ့ကြရာ ဒီဇင်ဘာ ၁၆ ရက်က တပ်မတော်မှ ၆ ဦးနှင့် ကရင်နယ်ခြားစောင့်တပ်(BGF) မှ ၂ ဦး စုစုပေါင်း ၈ ဦးကို KNLA က ဖမ်းဆီးရ မိခဲ့သည်။

ထို့နောက် လေးကေ့ကော်မြို့ဥက္ကဋ္ဌက လေးကေ့ကော်မြို့မှာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲရှောင် ၂၀၀၀ နီးပါးရှိကြောင်း သိရသည်။

KNU  သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တခြားသော လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

အဆိုပါ လေးကေ့ကော်မြို့သည်လည်း ၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်က ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ သဘောတူညီမှု ရယူကာ နိပွန်းဖောင်ဒေးရှင်း၏ ထောက်ပံ့ကူညီမှုဖြင့် ဆောက်လုပ်ခဲ့သည်။