ဝါရှင်တန်၊ အောက်တိုဘာ ၁၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမြဲတမ်းစစ်ပွဲများ အဆုံးသတ်ရန် ၎င်း၏ ကတိ တစ်စိတ်တစ်ပိုင်းအဖြစ် အာဖဂန်နစ္စတန် မှ အမေရိကန်တပ်များ နောက်ဆုံးရုတ်သိမ်းပြီး တစ်လအကြာ အမေရိကန်ကွန်ဂရက်(လွှတ်တော်)က ကာကွယ်ရေး အသုံး စရိတ် ဒေါ်လာ ၇၇၇ ဒသမ ၇ ဘီလီယံကို အတည်ပြုပေးခဲ့ရာ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းတိုးခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းမှာ ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဘတ်ဂျတ်ဥပဒေကို အမေရိကန်အောက်လွှတ်တော်က ထောက်ခံခဲ့ပြီးနောက် ဆီးနိတ်မှ ဒီဇင်ဘာ ၁၅ ရက်တွင် ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၁၀ မဲတို့ဖြင့် တခဲနက် အတည်ပြုပေးခဲ့သည်။

အဆိုပါ အစီအမံကို ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီကန်တို့မှ ထိပ်တန်းပါတီဝင်များက ပါတီနှစ်ခုစလုံး၏ အောင်မြင်မှုအဖြစ် ကြိုဆိုခဲ့ကြသော်လည်း တိုးတက်သော ဥပဒေပြုအမတ်များနှင့် ထောက်ခံအားပေးသူများက ဘတ်ဂျတ်၏ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကို မေးခွန်းထုတ်နေကြသည့်အပြင် တရုတ်နှင့်ပြိုင်ဆိုင်မှု ပြင်းထန်လာစေမည့် အလားအလာရှိ၍ ယခုမူဝါဒ ချမှတ်သူများအပေါ် အပြစ်တင်ဝေဖန်နေကြသည်။

“ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အကြမ်းဖက်အဖွဲ့တွေ ခြိမ်းခြောက်မှုဟာ ပင်တဂွန်အတွက် အမြဲတမ်း ဘတ်ဂျက်တိုးဖို့ ချိန်ဆတဲ့ သဘောရှိတယ်လို့ ကျနော်တို့ ကြားပါတယ်” ဟု ဝါရှင်တန်ဒီစီအခြေစိုက် Win Without War အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ စတီဖင်မိုင်းလ်က ပြောကြားခဲ့သည်။

ပုံ- အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတကိုတွေ့ရစဉ်။

အဆိုပါအဖွဲ့သည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ ပိုမိုတိုးတက်ရေး ထောက်ခံနေသည့် အဖွဲ့ဖြစ်သည်။

“အာဖဂန်စစ်ပွဲပြီးလို့ တရုတ်ဘက်ကို ပိုအာရုံစိုက်လာတာနဲ့အမျှ လက်ရှိ ခြိမ်းခြောက်မှုတွေကနေ ဘတ်ဂျက်ကိစ္စ ချိန်ဆနေ တယ်လို့လည်း ကြားပါတယ်” ဟု စတီဖင်မိုင်းလ်က အယ်လ်ဂျာဇီးယားသို့ ဆက်လက်ပြောကြားသည်။

အမေရိကန်ဥပဒေပြု အမတ်များက ကာကွယ်ရေး အသုံးစရိတ်အတွက် တရုတ်ကို ထိပ်တန်း ဦးစားပေးမှုအပေါ် တုံ့ပြန် ပြောဆိုနေကြသည်။ အဆိုပါ ဘတ်ဂျက်ကို အမျိုးသားကာကွယ်ရေးဆိုင်ရာ တရားဝင်ခွင့်ပြုချက်အက်ဥပဒေ (NDAA) အရ အစိုးရက ယူငင်သုံးစွဲနိုင်မည်ဖြစ်သည်။

ကွန်ဆာဗေးတစ်ဖြစ်သည့် ဒီမိုကရက်တစ်ပါတီမှ အောက်လွှတ်တော် အမျိုးသမီးအမတ် အီလိုင်လူရီယာက “အဲဒီဥပဒေဟာ ကျမတို့ နိုင်ငံကာကွယ်ရေးအတွက် အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ တရုတ်ခြိမ်းခြောက်မှု ကြီးထွားလာတာကို တန် ပြန်ဖို့ အရေးကြီးတဲ့ ခြေလှမ်းအနေနဲ့လည်း လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၇ ရက်တွင် တွစ်တာလူမှုကွန်ရက်၌ ရေးသား လွှင့်တင်ခဲ့သည်။

မကြာသေးမီနှစ်များက ဘေဂျင်းနှင့် ဝါရှင်တန်တို့အကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ရာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် သက်တမ်းအတွင်း ကုန်သွယ်ရေးစစ်ပွဲနှင့် အင်ဒို-ပစိဖိတ်ဒေသတဝိုက် တရုတ်လွှမ်းမိုးမှု တိုးလာခြင်းကို အမေရိကန် ဆန့်ကျင် သည့် လုပ်ရပ်များ ဆက်လက် ပေါ်ပေါက်နေခဲ့သည်။

Source: Aljazeera