ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၆
အရပ်သားအစိုးရဖြုတ်ချပြီးနောက် သွေးထွက်သံယိုမှုများ ဆက်ဖြစ်နေသည့် မြန်မာနိုင်ငံအပေါ် ဖိအားပေးရန် နည်းလမ်း အသစ်များ ရှာဖွေသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့ ကြောင်း South China Morning Post တွင် ဖော်ပြထားသည်။
ဘလင်ကင်နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာဖူဒင်အဗ္ဗဒူလာက “မြန်မာ့နိုင်ငံရေး အခြေအနေအတွက် အမြဲတမ်း အဖြေတစ်ခုရှာရန် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အတွက် အရေးတကြီး လိုအပ်နေကြောင်း” ပြောကြားခဲ့သည်။
အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင် စသည့် မိတ်ဖက်များနှင့်အတူ ဆာဖူဒင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တင်းမာသော သဘောထားရှိရေး အာဆီယံကို တောင်းဆိုရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သည်။ထို့နောက် ယခုနှစ် ဧပြီလ၌ သဘောတူညီခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာဆောင်ရွက်သွားရန် အာဆီယံက တောင်းဆိုနေခဲ့သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေများအပေါ် ပိတ်ဆို့အရေးယူမှု အပါအဝင် နောက်ထပ် ဒဏ်ခတ်အရေးယူမှုများ ဖြစ်နိုင်ခြေ ကို မေးမြန်းရာတွင် ဘလင်ကင်က စားပွဲခုံအလွတ်ကို လက်ညှိုးညွှန်ပြခဲ့သည်။
အမေရိကန်သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်လိုက်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာ ခဲ့သော်လည်း ရုပ်ကြွင်း လောင်စာဆီများမှ ရရှိသည့်ဝင်ငွေများ ချန်ရစ်ထားခဲ့သည်။
ပုံ-ဘလင်ကင်နဲ့ ဆာဖူဒင်အဗ္ဗဒူလာ ပူးတွဲသတင်းစာရှင်းလင်းပွဲ။(Reuters)
“ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တက်နိုင်ရေးအတွက် စစ်တပ်ကို ဖိအားပေးဖို့ တစ်ဦးချင်းနဲ့ စုပေါင်း လုပ်ဆောင်နိုင်တဲ့ နောက်ထပ် ခြေလှမ်းတွေ၊ အတိုင်းအတာတွေကို စောင့်ကြည့်ဖို့ လာမယ့်သီတင်းပတ်နဲ့ လာမယ့်လတွေမှာ အင်မတန် အရေး ကြီးတယ်လို့ ကျနော်ထင်ပါတယ်”ဟု ဘလင်ကင်က ပြောကြားခဲ့သည်။
အာဆီယံက ချမှတ်ပေးသည့် သဘောတူညီမှု အချက် ၅ ချက်ကို အမေရိကန်က ဆက်လက် ပံ့ပိုးပေးရန် ကတိပြုထား ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထိုအချက် ၅ ချက်ထဲတွင် လက်ရှိ အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဘက်ပေါင်းစုံမှ ပုဂ္ဂိုလ်များကို ဒေသတွင်းဆိုင်ရာ သံတမန်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် နစကကို တောင်းဆိုထားသည့် အချက်လည်း ပါဝင်သည်။
အမေရိကန်၏ ထိပ်တန်း သံတမန်ဖြစ်သူ ဘလင်ကင်သည် အင်ဒိုနီးရှားနှင့် မလေးရှားသို့ သွားရောက်ပြီးနောက် Covid-19 ကပ်ရောဂါ တဖန်ခေါင်းထောင်လာသဖြင့် ၎င်း၏ ထိုင်းနိုင်ငံခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။ လာမည့်နှစ် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များနှင့် သမ္မတ ဂျိုးဘိုင်ဒန်တို့ တွေ့ဆုံမည့် အစီအစဉ်သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဖိတ်ကြားမည်လားဆိုသည့် မေးခွန်းကိုမူ ဘလင်ကင်က တိတိကျကျ မဖြေကြားခဲ့ပေ။
တစ်ချိန်တည်းတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်း၏ လက်ရှိဗျူဟာမှာ မြန်မာ့အကျပ်အတည်းကို ပြေလည် စေခြင်း မရှိသည့်အတွက် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံနှင့်ရှေ့ဆက်သွားမည့် သဘောထားအပေါ် ၎င်း၏ ယခင်ပြသခဲ့ ပြီးသော ရပ်တည်ချက်ကိုပင် ထပ်လောင်းပြောကြားခဲ့သည်။
အာဆီယံသည် ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပခဲ့သည့် ထိပ်သီး အစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းကိုဖိတ်ကြားမည့်အစား မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတစ်ဦးကို ဖိတ်ကြားခဲ့ခြင်းဖြင့် သွယ်ဝိုက်သောနည်းလမ်းသုံး၍ အာဆီယံ၏အချက် ၅ ချက်ကို လိုက်နာရန် အားနည်းချက်အပေါ် မီးမောင်းထိုးပြခဲ့သည်။
Source: South China Morning Post