ထရီပိုလီ၊ ဒီဇင်ဘာ ၁၆

လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့တော်ရှိ လစ်ဗျားအစိုးရ၏ ရုံးခန်းများကို လက်နက်ကိုင်တပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝိုင်းရံထားပြီး လာမည့် သမ္မတရွေးကောက်ပွဲကို ဖျက်သိမ်းရန် ဖိအားပေးနေသည်ဟု rt.com က ဖော်ပြထားသည်။

ထို့နောက် ဖရိုဖရဲဖြစ်နေသော အာဖရိကနိုင်ငံများတွင် ငြိမ်းချမ်းရေးမှာ အဓိကကျသည်ဟု ကုလသမဂ္ဂက ယူဆကြောင်း rt.com သတင်းဝက်ဘ်ဆိုက် ဆက်လက် ရေးသားဖော်ပြသည်။

ဒီဇင်ဘာ ၁၆ ရက် နံနက် အစောအပိုင်းတွင် ထရီပိုလီမြို့မှ ရိုက်ကူးထွက်ပေါ်လာသော ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များ၌ လစ်ဗျား နိုင်ငံ၊ ယာယီအမျိုးသားစည်းလုံးရေးအစိုးရ (GNU)၏ ဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒီဘီဘက် (Abdul Hamid Dbeibeh) ရုံးရှေ့ တဝိုက် လက်နက်ကိုင် အမျိုးသားများနှင့် တိုက်ပွဲဝင်ယာဉ်များ ရှိနေပုံကို မြင်တွေ့ကြရသည်။

ထို့ပြင် သမ္မတကောင်စီ အကြီးအကဲ မိုဟာမက်အယ်မန်ဖီ၏ ရုံးခန်း အပြင်ဘက်တွင်လည်း စစ်သွေးကြွများ ဝိုင်းထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ထရီပိုလီ စစ်ဒေသ၏ တပ်မှူးဖြစ်သူ အက်ဒယ်ဘာစက်မာဝမ် (Abdel Baset Marwan)ကို ဝန်ကြီးချုပ် ဒီဘီဘက်က ရာထူးမှ ထုတ်ပယ်ပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အီတလီ နေ့စဉ်သတင်းစာ တစ်စောင်ဖြစ်သည့် လာရီပက်လစ်ကာ (La Repubblica) ၏ ဖော်ပြချက်အရ လစ်ဗျားရှိ အခြား စစ်သွေးကြွ ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဂါနီဝါအဖွဲ့မှ အက်ဒယ်ဂါနီ အယ်လ်ကစ်ကလီနှင့် နာဝါစီအဖွဲ့မှ မူစတာဖာ အီဘရာ ဟမ်ဂက်ဒါတို့က ထရီပိုလီအစိုးရ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန်အတွက် သမ္မတကောင်စီ၏ နန်းတော်သို့ သွားရောက်ခဲ့ ကြောင်း သိရသည်။

အခြား စစ်သွေးကြွဖြစ်သည့် အယ်လ်စမို့ဘရီဂိတ်က ထရီပိုလီမြို့ရှိ အစိုးရအဖွဲ့အစည်းအားလုံးကို ပိတ်ဆို့ထားပြီး သမ္မတ ရွေးကောက်ပွဲ မကျင်းပဖြစ်တော့ကြောင်း ကြေညာခဲ့သည်ဟု အယ်လ်အာရေဘီးယား (Al-Arbiya) သတင်းက ဖော်ပြသည်။

အယ်လ်စမို့ဘရီဂိတ် စစ်သွေးကြွခေါင်းဆောင် ဆာလာဘာဒီ (Salah Badi)သည် ကုလသမဂ္ဂ ကျောထောက် နောက်ခံပြုထား သည့် လစ်ဗျားအမျိုးသားသဘောတူညီချက် (GNA)ကို ဆန့်ကျင်သဖြင့် အမေရိကန်နှင့် ကုလသမဂ္ဂတို့က ၎င်းအဖွဲ့ကို ပိတ်ဆို့ ဒဏ်ခတ်ထားသည်။

ယခုလ ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားသော လစ်ဗျားရွေးကောက်ပွဲသည် အငြင်းပွားမှုများဖြင့် ရင်ဆိုင်နေရ သည်။

ဝန်ကြီးချုပ် ဒီဘီဘက်က ၎င်းအနေဖြင့် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ကတိပြုထားပြီးဖြစ်၍ ရွေးကောက်ပွဲ စည်းမျဉ်းနှင့်အညီ ရာထူးမှ နုတ်ထွက်ခြင်းမရှိကြောင်း သိရသည်။

လစ်ဗျားအရှေ့ပိုင်းရှိ တိုဘရက် (Tobruk) တွင် စင်ပြိုင်အစိုးရဖြစ်သည့် လစ်ဗျားအမျိုးသားတပ်မတော်ကို ကွပ်ကွဲနေသူ ဗိုလ်ချုပ် ခါလီဖာဟက်တာသည် အမေရိကန်နိုင်ငံသားဖြစ်နေ၍ သမ္မတလောင်းအရည်အချင်း မပြည့်မီဟု စွပ်စွဲပြောကြားမှု များအပေါ် ၎င်းက ငြင်းပယ်ခဲ့သည်။

သွားလေသူ အာဏာရှင် ကဒါဖီ၏ သားဖြစ်သူ ဆာ့ဖ်အယ်လ်အစ္စလာမ်ကဒါဖီကိုလည်း သမ္မတလောင်း အရည်အချင်း မပြည့်မီ ဟု လစ်ဗျား ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်လ၌ နောက်ပိုင်းတွင်  ကြေညာခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်၍ ပြင်ဆင်ကြေညာခဲ့သည်။

ဆာ့ဖ်ကဒါဖီ၏ဖခင် မူမာကဒါဖီသည် လစ်ဗျားနိုင်ငံကို နှစ်ပေါင်း ၄၀ ကျော်ကြာ အုပ်စိုးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် နေတိုး ကျော ထောက် နောက်ခံပြု အာရပ်အာဏာရှင်များ ဖြုတ်ချနိုင်ရေး လူထုအုံကြွမှုအတွင်း သတ်ဖြတ်ခံခဲ့ရသည်။

ထိုဖြစ်စဉ်နောက်ပိုင်း လစ်ဗျားနိုင်ငံသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ထဲသို့ ထိုးကျသွားခဲ့သည်။ လစ်ဗျား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် ဂျန်ကူဗစ် (Ján Kubiš) က ရွေးကောက်ပွဲကျင်းပရန် ပျက်ကွက်ပါက ပဋိပက္ခများ ပြန်လည် ဖြစ်ပွားနိုင်သည်ဟု ပြီးခဲ့သည့်စက်တင်ဘာလတွင် သတိပေးခဲ့သည်။

Source: rt.com