CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားသူ ၅ ဦးကို ဒီဇင်ဘာ ၁၆ ရက်နေ့က သေဒဏ် အမိန့် ချမှတ်လိုက်ကြောင်း နစက-က ယနေ့ (ဒီဇင်ဘာ ၁၇ ရက်)ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးအား ဇူလိုင် ၂၈ ရက်တွင် ထက်ပိုင်စိုး (ခ)ဖိုးထက် အပါအဝင် အမျိုးသား ၅ ဦးတို့သည် သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံပစ်ခတ်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းတို့ ၅ ဦးအား သေဒဏ် အမိန့်ချမှတ်လိုက်သည်ဟု နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၃)ရပ်ကွက်၊ မိတ္ထီလာလမ်းနေ အောင်ပိုင်(ခ)ဖိုးကဲသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ နိုဝင်ဘာလအတွင်း ဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွစွာပါဝင် လှုပ်ရှားခြင်း၊ အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က(က)အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းအား ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်လိုက်သည်ဟု ဆိုသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။