ဂျနီဗာ၊ ဒီဇင်ဘာ ၁၈

အဒစ်ဘာဘာမှ ကန့်ကွက်ဆန္ဒပြမှုများ ရှိနေလင့်ကစား အီသီယိုးပီးယားနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ရန်အတွက် ကုလသမဂ္ဂ (UN) လူ့အခွင့်အရေးကောင်စီက မဲခွဲဆုံး ဖြတ်ခဲ့ကြောင်း အယ်လ်ဂျာဇီး ယားသတင်းမှာ ဖော်ပြထားသည်။

အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံ ပါဝင်သည့် အဆိုပါကောင်စီသည် ဘက်ပေါင်းစုံမှ ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရန်နှင့် အီသီယိုးပီး ယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူများ ကော်မရှင်တစ်ရပ် ထူထောင်ရန် ဒီဇင်ဘာ ၁၇ ရက်တွင် ထောက်ခံမဲ ၂၁ မဲ၊ ကန့်ကွက်မဲ ၁၅ မဲနှင့် ကြားနေမဲ ၁၁ မဲတို့ဖြင့် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တစ်နေကုန် ဗီဒီယိုကွန်ဖရင့်ဖြင့် ကောင်စီအတွင်း ဆွေးနွေးကြရာတွင် အခွင့်အရေးဆိုင်ရာဒုတိယအကြီးအကဲ အယ်လ်နာ ရှစ်ဖ်က “၁၃ လကြာ အီသီယိုးပီးယားပဋိပက္ခအတွင်း ရက်စက်ကြမ်းကြုတ်မှုများ ရှိခဲ့ရာ ဘက်ပေါင်းစုံမှ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြားတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးရွားစွာ ကျူးလွန်ခဲ့ကြကြောင်း ယုံကြည် ရလောက်သည့် အစီရင်ခံများ ကုလသမဂ္ဂက ဆက်လက် လက်ခံရရှိနေသည်” ဟု ပြောသည်။

အီသီယိုးပီးယားတွင် မုန်းတီးမှု၊ အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများ တိုးလာနိုင်သည့် အန္တရာယ်များနေကြောင်း အယ်လ်နာ ရှစ်ဖ်က သတိပေးခဲ့သည်။

ပုံ- အခွင့်အရေးဆိုင်ရာဒုတိယအကြီးအကဲ အယ်လ်နာရှစ်ဖ်ကို တွေ့ရစဉ်။(AP)

၎င်းက “ထိုအချက်များသည် အီသီယိုးပီးယားရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သာမကဘဲ ဒေသအနှံ့ အပြားသို့ပါ အကြမ်းဖက်မှုများ၊ ကြီးမားသော ဂယက်ရိုက်ခတ်များဆီသို့ ဦးတည်သွားစေနိုင်ကြောင်း” ဆက်ပြော သည်။

ထို့နောက် “အီသီယိုးပီးယားသည် ၎င်း၏သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး ချမှတ်ထားသော UN ယန္တရားနှင့် ပူးပေါင်းဆောင်ရွက် မည် မဟုတ်ကြောင်း ထပ်လောင်းပြောကြားလိုပါသည်” ဟု ၎င်းအစိုးရထုတ်ပြန်ချက်ထဲတွင် အတိအလင်း ဖော်ပြထားသည်။

“နှုန်းစံများ နှစ်ထပ်ဖြစ်၍ မရကြောင်း၊ တစ်ဖက်သတ် အကျပ်ကိုင် ဆောင်ရွက်မှုများ ထပ်မပြုရပါကြောင်း၊ လူ့အခွင့်အရေး ဗန်းပြ၍ ပြည်တွင်းရေး စွက်ဖက်၍ မရကြောင်း” အီသီယိုးပီးယားအစိုးရက အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြ သည်။

UN လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ကျင်းပရန် ဆုံးဖြတ်ချက်ကို ၎င်းအစိုးရက အစောပိုင်းတွင် ပြစ်တင်ရှုတ်ချ ခဲ့သည့်အပြင် ကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်မဲပေးကြရန် ကောင်စီအဖွဲ့ဝင် နိုင်ငံများကို တိုက်တွန်းခဲ့သည်။

ပုံ-အီသီယိုးပီးယားပြည်သူများကိုတွေ့ရစဉ်။(AP)                      

“ကျဉ်းမြောင်းတဲ့အမြင်နဲ့ အကျိုးစီးပွားတွေကို ဆန့်ကျင်တဲ့ ဒီဆုံးဖြတ်ချက်ကို ပယ်ချပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံ ရေး လုပ်ထုံးလုပ်နည်းတွေကို ငြင်းဆန်ဖို့ ကောင်စီအဖွဲ့ဝင်တွေ အားလုံးကို တောင်းဆိုပါတယ်”ဟု UN ဆိုင်ရာ အီသီယိုးပီး ယား သံအမတ် ဇမ်ဘီကဲဘီဒီက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေး ဖိအားပေးသည့် ကိရိယာတစ်ခုအဖြစ် ဂျီနီဗာအခြေစိုက် UN လူ့အခွင့်အရေးကောင်စီ အပိုင်စီး ခံရခြင်းဟု ၎င်းက စွပ်စွဲခဲ့သည်။

“ကျနော်တို့ အစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ချထားတဲ့ ဘယ်လို အစီအမံ ယန္တရားတွေနဲ့မှ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒါက မတည်မငြိမ် ဖြစ်စေဖို့ တမင်သက်သက် အားထုတ်မှုတစ်ခု ဖြစ်လို့ပါပဲ” ဟု ၎င်းက ရှင်းပြခဲ့သည်။

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းတွင် လူ ၁၀ သန်းနီးပါး စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး အနည်းဆုံး လူ ၂ သန်းကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ပဋိပက္ခနေရာများသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဝန်ထမ်း များလည်း ဝင်ရောက်ခွင့် အနည်းငယ်သာရှိပြီး ၎င်းတို့အပေါ် ရန်လိုမှုများလည်း ရှိနေသည်။

Source: Aljazeera