၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊လေးကေ့ကော်မြို့မှ ဒေသခံ ၄၀၀၀ နီးပါးသည် နေရပ်စွန့်ခွာကာ ထိုင်းနိုင်ငံ၊ မဲဆောက် မြို့ရှိ တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိနေကြပြီး ၎င်းတို့သည် ထိုနေရာတွင် ရေရှည်မနေချင်ဘူးဟု ဆိုကြကြောင်း သွားရောက်ကူညီပေးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သို့ပြောသည်။

လက်ရှိတွင် မဲဆောက်ရှိ တိုက်ပွဲရှောင်စခန်းသို့ ဒေသခံများ ဆက်လက် ဝင်ရောက်နေမှုများလည်းရှိပြီး ထိုင်းအစိုးရ မှ ၎င်းတို့အားလုံးကို ကွင်းပြင်ကျယ်တစ်ခုတွင် ယာယီတဲများဖြင့် ခေတ္တထားရှိကာ အဆိုပါနေရာသည် ရာသီဥတု အေးသဖြင့် စောင်များလိုအပ်နေကြောင်း သိရသည်။

“ဒီဘက်ပြေးလာတဲ့သူတွေက ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့က ရေရှည်မနေချင်ဘူးပေါ့။ ကျ‌နော်တို့ကလည်း သူတို့ကို အတတ်နိုင်ဆုံး အားပေးစကားပြောရတာပေါ့။ အဓိကတစ်ခုကတော့လေ မနေ့ညနေအထိ ကျနော် သွား တွေ့တာတော့ စောင်ပေါ့နော် နည်းနည်းနွေးတဲ့ဟာပေါ့။ စောင်ရယ် အနွေးထည်ရယ် လိုအပ်တယ်။ အရမ်းအေး တယ် အဲဒီမှာ တော်‌တော်ကိုအေးတာ။ သူတို့လည်း အရေးပေါ်ဆိုတော့ ထိုင်းအစိုးရကလည်း အဆင်ပြေသလို လေးလုပ်ထားတာပေါ့။ အပွင့်လင်းဆုံးပြောရရင် မိသားစုလိုက်၊ နောက် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေများ တယ်ဗျ။ ရေရှည်အတွက်ဆိုလို့ရှိရင် ဒုက္ခသည်စခန်းတစ်ခုလိုတောင်မှ ထိုင်းကနေ လုပ်ပေးသင့်တယ်လို့ထင် တယ်။ ဒါမှမဟုတ်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေပေါ့ UNHCR လို ဖြစ်ဖြစ်၊ NUG အစိုးရက တာဝန် ရှိသူတွေ ထိုင်းကို အကူအညီတောင်းပြီးတော့ ဒုက္ခသည်စခန်းတစ်ခုလိုပေါ့၊ လုံးချင်း ယာယီအိမ်ပေါ့နော် အဲ့လို ပုံစံလေး”ဟု ကိုသားကြီးက ပြောသည်။

လက်ရှိတွင် ထိုင်းရောက် မြန်မာများက လေးကေ့ကော်ဒေသခံ တိုက်ပွဲရှောင်များအတွက်  စားသောက်ကုန်များ လာရောက် လှူဒါန်းပေးမှုများရှိကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ် မဲ့ထော်သလေးရွာအနီး တပ်မ‌တော်နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲကြောင့် ထိုင်းဘက်သို့ တိမ်းရှောင်ရသူများရှိသကဲ့သို့ မြန်မာပြည်ဘက်ခြမ်းရှိ တောတွင်းနေရာ များတွင်လည်း ထွက်ပြေးတိမ်းရှောင်နေရသည့် ‌ဒေသခံများရှိသည်။

ထို့အပြင် မြဝတီဘက်ရှိ ဒေသခံများကလည်း ၎င်းတို့ဘက်သို့ တိုက်ပွဲများ ဆက်လက်ပျံ့နှံ့လာမည်ကို စိုးရိမ်မှုများ ရှိနေကြကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့် ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက ပြောသည်။

“မြဝတီဒေသခံတွေဟာ အိပ်မရစားမရပေါ့။ ကျနော်တို့ ညီအကိုတွေ အမျိုးတွေလည်းရှိတာကိုး။ သူတို့မိသားစု လိုက်လည်း ဒီဘက်ကမ်းကို လာချင်တယ်။ မြဝတီမြို့ကနေ ဒီဘက်ကမ်းကိုလာဖို့ဆိုတာကလည်း ထိုင်းကလည်း လက်ခံမှာမဟုတ်ဘူးလေ။ လွယ်လွယ်နဲ့ခွင့်ပြုမှာမဟုတ်ဘူး။ ဆိုတော့ မြဝတီမြို့သူမြို့သားတွေအတွက် လုံခြုံမှုမရှိဘူးပေါ့။ စိတ်ပူနေရတယ်ပေါ့။ ဘယ်တော့များ ငါတို့အိမ်ပေါ် လက်နက်ကြီးတွေ လာကျမလဲ အဲ့လိုမျိုးပေါ့”ဟု ပြောသည်။

လေးကေ့ကော်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လေးကေ့ကော်မြို့သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ သဘောတူညီမှု ရယူကာ နိပွန်း ဖောင်ဒေးရှင်း၏ ထောက်ပံ့ကူညီမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

၎င်းနေရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များ အဓိကလှုပ်ရှားကာ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် တပ်မ‌တော်တို့ ရှိသည်။