ဖနွမ်းပင်၊ အောက်တိုဘာ ၁၈

ကမ္ဘောဒီးယားကို အမေရိကန် ပြစ်တင်ဝေဖန်နိုင်သော်လည်း ဖနွမ်းပင်၏ အကူအညီကို မမျှော်လင့်နှင့်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြန်လည် တုန့်ပြန်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် တရုတ်၏လမ်းကြောင်းထဲ တိုးဝင်လာနေသည့် တစ်ချိန်တည်းမှာပင် အမေရိကန်ကလည်း ဖနွမ်းပင်ကို အရေးယူ ဒဏ်ခတ်ခြင်းမှ ရှောင်ရှားပေးရန် မျှော်လင့်ထားသည်ဟု South China Morning Post က ရေးသားဖော်ပြထား သည်။

ဒေသတွင်း တရုတ်ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ၂၀၂၂ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ကမ္ဘောဒီးယား၏ ပူးပေါင်းဆောင်ရွက်မှုလည်း အမေရိကန်က အမှန်ပင် လိုအပ်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဝါရှင်တန်က ကမ္ဘောဒီးယားအပေါ် လူ့အခွင့်အရေး၊ အကျင့်ပျက်ခြစားမှုနှင့် ပြည်တွင်း၌ တရုတ် ဩဇာ လွှမ်းမိုးမှု ကြီးထွားလာခြင်းတို့ကို အကြောင်းပြလျက် ကမ္ဘောဒီးယားနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခဲ့သည်။

ထိုသို့ ပိတ်ပင်ခံရခြင်းကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်က ၎င်းစစ်တပ်အနေဖြင့် ဝါရှင်တန် ရည် ညွှန်းသော လက်နက်များနှင့် စစ်သုံးကိရိယာအားလုံးကို သိမ်းဆည်းထားရန် (သို့မဟုတ်) ရိုးရှင်းစွာ ဖျက်ဆီးပစ်ရန် အမိန့်ပေး ခဲ့သည်။

အာဖဂန်စစ်ပွဲတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသူများသည် အမေရိကန်လက်နက်များ သုံးစွဲမိသူများအဖြစ် ဖေ့စ်ဘွတ်ခ်ပို့စ် တစ်ခုတွင် သရော်လှောင်ပြောင်မှုကိုလည်း ဟွန်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

ပုံ-တရုတ်ခေါင်းဆောင်နဲ့ ဟွန်ဆန်ကိုတွေ့ရစဉ်။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး နောက်နှစ်ရက်အကြာတွင် အာဆီယံဥက္ကဋ္ဌအနေဖြင့် မြန်မာ့တပ်မတော်ကို လိုက် လျောမှု တစ်စုံတစ်ရာမပြုရန် ဖနွမ်းပင်ကို အမေရိကန်သံတမန်တစ်ဦးက တိုက်တွန်းခဲ့သည်။

ဖနွမ်းပင်ကို ခေတ္တလာရောက်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက် (Derek Chollet) က ဖနွမ်းပင်နှင့် မြန်မာစစ်ဗိုလ်ချုပ်များ မထိတွေ့မီ ဝါရှင်တန်အနေဖြင့် စစ်မှန်သောတိုးတက်မှုကို မျှော်လင့်ထား ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်အနေဖြင့် ကမ္ဘောဒီးယားနှင့် ပိုမိုနီးကပ်သော စီးပွားရေးနှင့် ဗျူဟာမြောက် ဆက်ဆံနိုင်ရန်အတွက် ဦးတည်ချက် လွဲချော်နေပြီး ယင်းလွဲချော်မှုက မကြာသေးမီ နှစ်များအတွင်း ကမ္ဘောဒီးယားကို တရုတ်ဘက်သို့ ပိုရောက်အောင် တွန်းအား မည်မျှဖြစ်ခဲ့သည်ကို တွေ့နိုင်သည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို တစိုက်မတ်မတ်ဖြင့် အမေရိကန်ဖိအားပေးမှုသည် လက်ရှိအာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ အာဏာကို ကျဆင်းစေရန် ကြိုးပမ်းမှုအဖြစ် ကျယ်ပြန့်စွာ ရှုမြင်ကြသည်။

တရုတ် ကျောထောက်နောက်ခံ ရှိနေသဖြင့် ဖနွမ်းပင်သည် ဝါရှင်တန်အပြုအမူအပေါ် လိုက်လျောပေးရန် မက်လုံးမှာ အနည်းငယ်သာ ရှိသည်။

ပုံ-အမေရိကန်နဲ့ ကမ္ဘောဒီးယားအလံတို့ကိုတွေ့ရစဉ်။

အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘောဒီးယားအပေါ် အမေရိကန်၏ဩဇာမှာ မလွဲမသွေ ကျဆင်းလာမည်ဟု South China Morning Post သတင်းစာက ဟောကိန်းထုတ်သည်။

အမေရိကန်သည် လက်ရှိအနေအထားတွင် ကမ္ဘောဒီးယား၏အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး ယခုနှစ် စက်တင်ဘာလ အထိ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရသည်။

သို့သော် ကမ္ဘောဒီးယားသည် အမေရိကန်နှင့် အထူးဦးစားပေး ကုန်သွယ်မှုသဘောတူညီချက် ဆက်လက် အသက်ဝင်မည်ဟု ဆိုသော်လည်း GSP အနေဖြင့် ရှင်းရှင်းလင်းလင်း မရှိသေးပေ။ GSP (Generalized System of Preferences) ဆိုသည်မှာ ကုန်ပစ္စည်းအမျိုးမျိုးအပေါ် အကောက်ခွန်လျှော့ချပေးသည့် ဦးစားပေးစနစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် GSP အယူအဆသည် အနှစ်သက်ဆုံးနိုင်ငံဟူသော အယူအဆနှင့် အလွန်ကွာခြားသည်။

ထိုသို့အခြေအနေနှင့် ဆန့်ကျင်ဘက်အားဖြင့် ပြီးခဲ့သည့် အောက်တိုဘာလတွင် ချုပ်ဆိုခဲ့သော ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်သည် ၂၀၂၃ ခုနှစ်အရောက်တွင် နှစ်နိုင်ငံကြား နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ မြှင့်တင်ရန် ရည်မှန်းထားသည်။

တရုတ်သည် ကမ္ဘောဒီးယားထံမှ ဆန်နှင့် အခြားလယ်ယာထွက်ကုန်များ တိုက်ရိုက်တင်သွင်းမှု မြှင့်တင်ရန် စီစဉ်နေပြီး အမြန် လမ်းမှ လေဆိပ်များအထိ ငွေကြေး အကူအညီ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး အများအပြားကို ကမ်းလှမ်းထားသည်။

Source: South China Morning Post