၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်အတွင်း လူမျိုးစုပဋိပက္ခများ မဖြစ်ပေါ်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) အပါအတွင် နှစ်ဖက်လူမျိုးစု ခေါင်းဆောင်များအချင်းချင်း ကော်မတီတစ်ရပ်ဖွဲ့ကာ ပြဿနာများကို ဖြေရှင်းသင့်ကြောင်း ချွန်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်နေမင်းက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် လူမျိုးစုပဋိပက္ခ ဖြစ်ပေါ်စေရန်အတွက် အဖွဲ့အစည်းတစ်ခုမှ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေး လှုံဆော်မှုအား နောက်ကွယ်မှ ကြိုးကိုင်ပြုလုပ်နေသည်ဟု သံသယရှိကြောင်း၊ လုံခြုံရေးစိုးရိမ်မှုနှင့်အတူ လူမျိုးစု ပဋိပက္ခ များသို့ ဦးတည်လာမည်ကို စိုးရိမ်ကြောင်း AA က ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကိုကျော်နေမင်းက “အခု AA ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် တကယ်စစ်မှန်တဲ့ လူမျိုးစု ပြဿနာတွေ မဖြစ်ဖို့ အတွက် ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ အဲတာ ဘာလဲဆိုတော့ လက်ရှိအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေရော၊ နှစ်ဘက် လူ့အဖွဲ့ အစည်းက ခေါင်းဆောင်တွေရော၊ AA လိုရော စသည်အားဖြင့် နယ်မြေကို စိုးမိုးရေး လုပ်ထားတဲ့သူတွေရော၊ နောက်တစ်ခါ ပြည်မကြီးမှာရှိတဲ့ ရခိုင်မှာရှိတဲ့ မွတ်စလင်တွေအပေါ် ဩဇာသက်ရောက်တဲ့ ပြည်မမှာရှိတဲ့ မွတ်စလင်ခေါင်းဆောင်တွေ သူတို့ တွေရော၊ အားလုံးပါတဲ့ ငြိမ်းချမ်းရေးလို ကော်မတီတစ်ခုဖွဲ့ပြီးတော့မှ ဒီကိစ္စတွေကို Long Time Plan (ရေရှည်စီမံကိန်း)နဲ့ ဖြေရှင်းမယ်ဆိုရင် ဒီရခိုင်အရေးက Very easy (အလွန်လွယ်ကူသော)ပဲ ကျနော်ထင်တယ် အေးချမ်းသွားမယ်ဗျ” ဟု CNI သို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယခင်ပဋိပက္ခမျိုး ပြန်လည် မဖြစ်ပွားရန်နှင့် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် အဖွဲ့အစည်းက ဖန်းတီးနေသည်ကို သတိရှိရှိနေထိုင်ကြရန် AA က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
ပုံ- တိုက်ခိုက်ရေးလက်နက်များ ကိုင်ဆောင်ထား
၎င်းက “အရင်တုန်းက ဖြစ်ခဲ့တာ ဆရာတို့ သိတဲ့အတိုင်းပဲလေ။ လူ့အသိုင်းအဝိုင်းတွေကြားမှာ ယုံကြည်မှုတွေ ကျဆင်းသွား တယ်။ လူ့အခွင့်အရေးနဲ့အညီ မရှိတော့ဘူး။ အဲလိုမျိုးတွေ ဖြစ်ခဲ့တယ်ဆိုတော့ အခုချိန်မှာ ကျနော်တို့က လူ့အခွင့်အရေးနဲ့ အညီ နေတတ်လာတယ်။ ဒီဘက်ကလည်း ULA/AA ရဲ့ ထိန်းချုပ်မှု၊ ပညာပေးမှုပေါ့လေ၊ လမ်းပြမှုတွေကြောင့် လူ့အသိုင်း အဝိုင်းတွေက အခုချိန်မှာ ပြန်လည်သင့်မြတ်ရေးတွေကို ဦးတည်လာတယ်။ တည်ငြိမ်အေးချမ်းမှုတွေ ရှိလာတယ်။ အဲလို အနေအထားကို မကျေနပ်တဲ့လူတွေက ဒီလိုဖန်တီးနေတယ်ပေါ့လေ။ အဲတာကြောင့် ကျနော်တို့က သတိရှိရှိနေထိုင်ဖို့ ဆိုပြီးတော့ ဒီလို ထုတ်ပြန်တာ ဖြစ်တယ်” ဟု CNI သို့ ပြောသည်။
AA က ရခိုင်ပြည်နယ်၌ လူမျိုးရေးပဋိပက္ခများ ဖန်တီးကာ ဒေသတွင်းပဋိပက္ခများ ဖြစ်လာရန် တမင်လုပ်ဆောင်နေသော လုပ်ရပ်၊ မတည်မငြိမ်မှုများကို ဖန်တီးလှုံ့ဆော်သော လုပ်ရပ်၊ စိုးရိမ်ထိတ်လန့်မှုများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးသောလုပ်ရပ် ဟု ရှုမြင်ကြောင်း ဒီဇင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုကျော်နေမင်းက “ကောလာဟလဖြစ်လာတယ်။ နောက်ကွယ်က အဖွဲ့အစည်း တစ်ခုခုလုပ်တယ်။ စသည်အားဖြင့် ဒီလိုမျိုး လူမျိုးရေးပြဿနာကို ဒီရှိတဲ့ခေါင်းဆောင်တွေ ကော်မတီက စုပြီး ဒီပြဿနာဟာ ဒါပါဆိုတဲ့ ဖြေရှင်းချက်မျိုးတွေ၊ ကြေညာ ချက်မျိုးတွေ၊ အောက်ခြေမှာ ထိန်းလိုက်တာမျိုးတွေ လုပ်လိုက်ရင်တော့ ကျနော်ထင်တယ်။ ၂၀၁၂ တုန်းကလိုမျိုးတွေ ကြီး ကြီးမားမား လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ မဖြစ်လာနိုင်တော့ဘူးလို့ ထင်တယ်ဗျ” ဟု CNI သို့ ပြောသည်။
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးစုများနှင့် မွတ်စလင်လူမျိုးစုများအကြား အကြမ်းဖက် တိုက်ခိုက်ကြသည့် ဖြစ်ရပ် များ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ၊ လူနေအိမ်နှင့်ဘာသာရေး အဆောက်အအုံပျက်စီးမှုများ၊ ဒေသခံပြည်သူ သောင်းချီ အိုးမဲ့ အိမ်မဲ့မှုများ ဖြစ်ပွားခဲ့သည်။