ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၈
အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့အရှေ့ပိုင်းရှိ တင်းမာမှုများရှိနေသည့် ရပ်ကွက်တစ်ခုအတွင်း ဒီဇင်ဘာ ၁၇ ရက်က ဆန္ဒပြပွဲတစ်ခုတွင် အေပီသတင်းဌာနမှ ဓါတ်ပုံဆရာတစ်ဦးကို အစ္စရေးရဲက တွန်းထိုးရိုက်နှက်ခဲ့သဖြင့် ဦးခေါင်း ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့ခဲ့ရကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
၎င်း၏ဝန်ထမ်းဖြစ်သူ ဓါတ်ပုံဆရာ မာမွတ်အီလျံ (Mahmoud Illean) အပေါ် အကြမ်းဖက်မှုကြောင့် အေပီ သတင်းဌာနက ဒေါသထွက်ခဲ့ပြီး ထင်ရှားသည့်သတင်းထောက်အဖွဲ့အစည်းမှ တာဝန်ရှိသူများကို စည်းကမ်းပိုင်း ဆိုင်ရာအရေးယူဖို့ တောင်းဆိုခဲ့ကြောင်း ၎င်းသတင်းဌာနက ပြောသည်။
မာမွတ်အီလျံသည် ဂျေရုဆလင်အရှေ့ပိုင်း ရှိတ်ဂျာရာရပ်ကွက်ထဲရှိ အပတ်စဉ်ဆန္ဒပြပွဲများကို သတင်းဓါတ်ပုံ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ရှိတ်ဂျာရာရပ်ကွက်ထဲရှိ အစ္စရေး-ပါလက်စတိုင်းတင်းမာမှုများကို လှုံ့ဆော်ပေးခဲ့သည့် အမှုသည် အစ္စရေးတရားရုံးချုပ်ရှေ့မှောက်သို့ ရောက်ရှိသည်မှာ လနှင့်ချီ၍ ကြာမြင့်နေပြီဖြစ်သည်။
အီလျံ၏အဆိုအရ ဒီဇင်ဘာ ၁၇ ရက် ဆန္ဒပြပွဲသည် အတော်အတန်ငြိမ်သက်သွားခဲ့ပြီး အစ္စရေးနယ်ခြားစောင့် ရဲများနှင့် ဆန္ဒပြသူများအကြား အနည်းငယ်သာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲပြီးဆုံး၍ ၁၅ မိနစ်ခန့်အကြာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အီလျံထံသို့ တုန်လှုပ်ခြောက်ခြားစရာ ကောင်း အောင် လက်ပစ်ဗုံးများဖြင့် ချဉ်းကပ်လာခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
အခင်းဖြစ်ပွားသည့်နေရာမှ ဗီဒီယိုဖိုင်ထဲတွင် အီလျံသည် အဖြူရောင်မော်တော်ယာဉ်တစ်စီးရှေ့တွင် ရပ်နေစဉ် ရဲအရာရှိများက ၎င်းထံ ချဉ်းကပ်လာနေပြီး ၎င်းကို မြေပြင်ပေါ် နောက်ပြန်တွန်းထုတ်ကာ အကြိမ်ပေါင်းများစွာ ရိုက်နှက်ထိုးကြိတ်သွားခဲ့ကြောင်း မြင်တွေ့ရသည်။
ဒုတိယဗီဒီယိုဖိုင်တွင် ရဲက ၎င်းကို ဝင်မရိုက်ခင် အခြားသတင်းထောက်များ အရိုက်အနှက်ခံနေရပုံများကို အီလျံက ရိုက်ကူးမှတ်တမ်းတင်နေသည်ကို တွေ့ရသည်။
အီလျံ၏မျက်နှာတွင် သွေးထွက်နေပြီး ဓါတ်မှန်ရိုက်ကူးရန် ဂျေရုဆလင်မြို့၊ ဟာဒက်ဆာ (Haddassah) ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းသည် အရိုးကျိုးဝေဒနာ ခံစားရခြင်းမရှိဘဲ နာရီအတန်ကြာပြီးနောက် မျက်နှာ၊ ဦးခေါင်းနှင့် ကျောကုန်းတို့တွင် ပွန်းပဲ့ဒဏ်ရာများဖြင့် နေအိမ်သို့ ပြန်လာခဲ့သည်။
အဆိုပါနယ်ခြားစောင့်ရဲများသည် အဓိကရုဏ်းများ နှိမ်နင်းရန် မကြာခဏစေလွှတ်လေ့ရှိသည့် အစ္စရေးအရန်တပ်ဖွဲ့ဖြစ်ပြီး ၎င်းတို့သည် ပါလက်စတိုင်းဆူပူသူများကို ပစ်မှတ်ထားလေ့ရှိသည်။ တစ်ချိန်တည်းမှာပင် အစ္စရေးရဲအရာရှိများသည် လက်နက်မဲ့ဆန္ဒပြသူများနှင့် သတင်းထောက်များကို အင်အားအလွန်အကျွံသုံးသည်ဟု စွပ်စွဲခံရလေ့ရှိသည်။
အစ္စရေးနှင့် ပါလက်စတိုင်းနယ်မြေများရှိ နိုင်ငံတကာသတင်းမီဒီယာများအတွက် အလုပ်လုပ်နေသော သတင်းထောက် ၄၀၀ ခန့်ကို ကိုယ်စားပြုသည့် နိုင်ငံခြားသတင်းထောက်များအဖွဲ့ (FPA) ကလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က သတင်းထောက်များအပေါ် တိုက်ခိုက်မှုဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် (သောကြာနေ့) တွင်ဖြစ်ပွားခဲ့ကြောင်း အတည်ပြုသည်။
ထိုဖြစ်စဉ်အပေါ် ထိရောက်စုံစမ်းစစ်ဆေးမှုနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သော ရဲများကို သင့်လျော်သည့် စည်းကမ်းဖြင့် အရေးယူပေးရန် တောင်းဆိုထားသည်။
အီလျံသည် အေပီသတင်းဌာနတွင် အလုပ်လုပ်ခဲ့သည်မှာ ၅ နှစ်ကြာမြင့်ပြီဖြစ်ပြီး ယခုနှစ် မေလက ဂျေရုဆလင် မြို့ရှိ အယ်လ်ကွာစာဗလီတွင် ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေးရဲတို့ ထိပ်တိုက် တွေ့ဆုံမှုသတင်းဓာတ်ပုံကို ရိုက်ကူးခဲ့ရာ တိုင်းမ်မဂ္ဂဇင်း၏ ၂၀၂၁ ခုနှစ် ထိပ်တန်းဓာတ်ပုံ ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။
Source: AP