မော်စကို၊ ဒီဇင်ဘာ ၁၉
အနောက်အုပ်စုနိုင်ငံများနှင့် တင်းမာနေချိန်အတွင်း မဟာမိတ်နှစ်နိုင်ငံအကြား နီးကပ်သော ကာကွယ်ရေးဆိုင်ရာ ဆက်ဆံ ရေးကို ပုံဖော်ရန် ရည်ရွယ်သည့် မစ်ရှင်တစ်ခုအနေဖြင့် ရုရှားက ဘီလာရုစ်နိုင်ငံ၏ ဝေဟင်ပိုင်နက်တွင် ကင်းလှည့်နိုင်ရန် အတွက် နျူကလီးယားလက်နက် ပစ်ခတ်နိုင်သည့် တာဝေးပစ် ဗုံးကြဲလေယာဉ်များ စေလွှတ်ခဲ့ကြောင်း အေပီသတင်းတွင် တွေ့ရသည်။
Tu-22M3 အမျိုးအစား မဟာဗျူဟာသုံး ဗုံးကြဲလေယာဉ်နှစ်စင်း ဘီလာရုပ်စ် လေတပ် အပြင် လေကြောင်းရန် ကာကွယ်ရေး စနစ်တို့နှင့်အတူ ပူးတွဲတာဝန်များ ထမ်းဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ ဗုံးကြဲလေယာဉ်များကို ဘီလာရုစ်ထံသို့ ရုရှားပံ့ပိုးထားသော Su-30 တိုက်လေယာဉ်များက စောင့်ကြပ်ပေးခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက်က ၄ နာရီကြာ ဗုံးကြဲလေယာဉ်များဖြင့် ဝေဟင်ကင်းလှည့်ခြင်းသည် ပြီးခဲ့သည့် လကတည်းက ဘီလာရုစ် အတွက် ရုရှား၏ တတိယမြောက် စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့ပြီး ယူကရိန်းနယ်စပ်အနီး ရုရှားတပ်များ ဖြန့်ကြက်နေခြင်း အပေါ် အနောက်အုပ်စုနိုင်ငံများ စိုးရိမ်ပူပန်နေသည့်ကြားမှ ယခုကဲ့သို့ ဝေဟင်ကင်းလှည့်ခြင်း ဖြစ်ပေါ်လာခဲ့သည်။
ယူကရိန်းကို ကျူးကျော်မည့် အစီအစဉ်မရှိဟု မော်စကိုက ငြင်းဆိုထားပြီး မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး) အနေဖြင့် ယူကရိန်းသို့ အင်အားချဲ့ထွင်ခြင်း (သို့မဟုတ်) လက်နက်များ ချထားခြင်းတို့မှ ကင်းလွတ်မည့် လုံခြုံရေး အာမခံ ချက်များအတွက် အမေရိကန်ကို ရုရှားအနေဖြင့် လိုလားနေခဲ့သည်။
ပုံ- ဘီလာရုစ် သမ္မတလူကာရှန်ကိုအား တွေ့ရစဉ်။(AP)
သို့သော် မော်စကို၏ လိုလားချက်နှင့် တောင်းဆိုချက်များကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ငြင်းပယ်ရန် သေချာ လုနီးပါး ဖြစ်နေသည်။
ထို့ပြင် ရုရှားသည် ယူကရိန်းနိုင်ငံကို မြောက်ဘက်မှ ထိုးဖောက်နိုင်ရန်အတွက် ဘီလာရုစ်နိုင်ငံကို စစ်အခြေစိုက်စခန်းအဖြစ် အသုံးချမည်ကိုလည်း ယူကရိန်းအစိုးရအရာရှိအချို့က စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
ရွှေ့ပြောင်းလာသူများ အရေးနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU)နှင့် ဘီလာရုစ်တို့ တင်းမာမှုများအကြား သမ္မတလူကာရှန်ကို က မိမိနိုင်ငံအတွင်း ရုရှားနျူကလီးယားလက်နက်များ လက်ခံထားရှိရန် အဆင်သင့်ဖြစ်နေကြောင်း ပြီးခဲ့သည့်လ၌ ပြောကြား ထားပြီး ဖြစ်သည်။
ဘီလာရုစ်၏ အိမ်နီးချင်းများဖြစ်ကြသော ပိုလန်၊ လစ်သူယေးနီးယားနှင့် လက်ဗီးယားနိုင်ငံများအတွင်းသို့ တရားမဝင် ရွှေ့ ပြောင်း ဒုက္ခသည်များ ဝင်ရောက်နိုင်ရန် ဘီလာရုစ်အနေဖြင့် အားပေးအားမြှောက် ပြုနေသည်ဟုလည်း EU က လူကာရှန်ကို အပေါ် အကြိမ်ကြိမ် စွပ်စွဲ အပြစ်တင်ထားပြီး ဖြစ်သည်။
မည်သည့် ရုရှားစစ်လက်နက် အမျိုးအစားကို ထားရှိမည်ကိုမူ လူကာရှန်ကို အစိုးရက အသေးစိတ် ထုတ်ပြောခြင်း မရှိသော် လည်း ဆိုဗီယက်ပြည်ထောင်စု ခေတ်ဟောင်းကတည်းက လိုအပ်သော စစ်ရေးအခြေခံ အဆောက်အဦများကို ဂရုတစိုက် ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း မှတ်ချက်ချထားသည်။
Source: AP