ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၁၉

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံးကို ဒီဇင်ဘာ ၁၈ ရက်က ဒုံးကျည်နှစ်စင်း ပစ်လွှတ် တိုက်ခိုက်ခြင်းခံရကြောင်း၊ ဒုံးကျည်တစ်စင်းကို အမေရိကန်တို့စစ်တပ်မှ တန်ပြန်ပစ်ချ၍ ဖျက်ဆီးနိုင်ခဲ့ပြီး အခြားတစ်စင်းမှာ သံရုံးဝင်းကို ကျော်လွန်၍ လွဲချော်သွားခဲ့သွားကြောင်း Fox News သတင်းအေဂျင်စီက အတည်ပြုခဲ့သည်။

တန်ပြန်ပစ်ချခံခဲ့ရသော ဒုံးကျည်သည် အမေရိကန် C-RAM (ဒုံးကျည်တန်ပြန်ကာကွယ်ရေးစနစ်)နှင့် ထိမှန် ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောသည်။

သံရုံးသည် အီရတ်မြို့တော်၏ အစိမ်းရောင်ဧရိယာ (Green Zone) တွင် တည်ရှိသည်။

သံရုံးဝင်းကို ကျော်လွန်သွားသည့် ဒုံးကျည်သည် အစိမ်းရောင်ဧရိယာအနီးရှိ တော်ဝင်ပွဲတော်ရင်ပြင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားယာဉ်နှစ်စီး ပျက်စီးသွားခဲ့ကြောင်း ဂျေရုဆလင်ပို့စ်သတင်း၌ ဖော်ပြ ထားသည်။

အသေအပျောက်သတင်းများကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း ကာကွယ်ရေးရင်းမြစ်တစ်ခုက Fox News သို့ ပြောသည်။
ယင်းသို့ ဒုံးကျည်ပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အဆိုဖြစ်စဉ်သည် အီရတ်မှ အမေရိကန်တပ်များ ပြန်လည်ရုပ်သိမ်းရန် သတ်မှတ်ထားသည့် ယခုနှစ်ကုန်ပိုင်း နောက်ဆုံးရက်မတိုင်မီ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ဒီဇင်ဘာ ၉ ရက်တွင် အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ထိပ်တန်းတပ်မှူးက အီရတ်တွင် လက်ရှိတပ်ဖွဲ့ဝင် ၂,၅၀၀ ကို နောင်ကာလများအတွက် ဆက်လက်ထားရှိမည်ဟု အမေရိကန်နှင့်အီရတ်စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများကို ပြောကြားခဲ့ပြီး အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များ၏တိုက်ခိုက်မှုများ တိုးလာနိုင်ဖွယ် ရှိကြောင်း သတိပေးခဲ့သည်။

အီရတ်ရှိ အမေရိကန်တပ်များကို တိုက်ခိုက်ရေးတာဝန်မရှိသည့် ကဏ္ဍသို့ ပြောင်းလဲပေးခဲ့သော်လည်း အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရန်အတွက် ၎င်းတပ်များထံသို့ လေကြောင်းနှင့် အခြားစစ်ရေးအကူအညီများ ပို့ဆောင်ပေးနေဆဲဖြစ်ကြောင်း မရိန်းဗိုလ်ချုပ်ကြီး ဖရန့်ခ်မက်ကန်ဇိုင်းက ပင်တဂွန်ရှိ အေပီသတင်းထောက်ကို ပြောကြားခဲ့သည်။

Source: AP, Fox News