CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဂွာစိန်းကျေးရွာတွင် ဇိုမီးပြည်လည်သွေးစည်း ညီညွတ်ရေးတပ်မတော် (ZRA)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ ဒီဇင်ဘာ ၁၇ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲမှာ ZRA တပ်ဖွဲ့များက မိမိရပ်ရွာ၊ မိမိတို့ဒေသတွင်း နယ်လှည့်ရင်း ထိတွေ့၍ နှစ်ဖက် ပစ်ခတ်ခဲ့သည့် တိုက်ပွဲ ကြောင်း ZRA အရှေ့ပိုင်း ဒါရိုက်တာ တစ်ဦးဖြစ်သူ ပူဇိုထန်က CNI သတင်းဌာနသို့ ပြောသည်။

ပူဇိုထန်က “ဒါက ကျနော်တို့ နယ်လှည့်ရင်းလေ ကျနော်တို့ ZRA အဖွဲ့က နယ်လှည့်ရင်းနဲ့ ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ နယ်လှည့် ရင်းနဲ့ သွားနေတဲ့အချိန်မှာ မမျှော်လင့်ပဲနဲ့လေ။ ကျနော်တို့က တစ်ခါမှ CNF နဲ့လည်း ရန်မဖြစ်ဖူးဘူး။ အဲတာမျိုး မမျှော်လင့် ပဲနဲ့ ဂွာစိန်းကျေးရွာမှာ ဖြစ်တဲ့အခါကြတော့ ကျနော်တို့က အံ့ဩတာပေါ့။ အံ့ဩလည်း အံ့ဩတယ်။ ပြီးတော့ ကျ‌နော်တို့ ဒီ အာဏာရှင်အစိုးရကို တိုက်နေတဲ့အချိန်မှာ အဲဒီလိုမျိုး ကျနော်တို့ သေနတ်ပြောင်းဝကို ကိုယ့်အချင်းချင်းဆီ ပြန်လှည့်တာမျိုး ကျ‌နော်တို့က တစ်ခါမှ မရှိခဲ့ဘူးနော်။ ပြီးတော့ CNF စခန်းတွေကိုလည်း ကျ‌နော်တို့ အလေးအနက်ထားတယ်။ လုံခြုံမှုလည်း ပေးတယ်။ ဘာတစ်ခုမှ ဒုက္ခလည်း မပေးဘူးပေါ့နော်”ဟု CNI သို့ ပြောသည်။

ချင်းပြည်နယ်၊ တီးတိန်၊ တွန်းဇံမြို့နယ်သည် ZRA သွားလာ လှုပ်ရှားသည့် ဒေသဖြစ်ကြောင်း၊ ယခုလို တိုက်ပွဲဖြစ်ပွားခြင်းကို မိမိတို့အနေဖြင့် မမျှော်လင့်ထားကြောင်း ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး CNF မှ တာဝန်ရှိ ပုဂ္ဂိုလ်များထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
လက်ရှိ ချင်းပြည်နယ်အတွင်းမှာ CNF အပြင် မြို့နယ်အလိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ZRA၊ ကသည်းအဖွဲ့များ စသည့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိသည်။

ပုံ-ZRA ထိန်းချုပ်နယ်မြေတစ်နေရာကိုတွေ့ရစဉ်။

ZRA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ကြိုဆိုထောက်ခံကြောင်းနှင့် ၎င်းတို့လှုပ်ရှားနယ်မြေ ဒေသဖြစ်သည့် ကဘော်ချိုင့်ဝှမ်းနှင့် ချင်းပြည်နယ်(မြောက်ပိုင်း)တွင် ပြည်သူ့ကာကွယ်ရေး တာဝန်ထမ်းဆောင်လျက်ရှိပြီး မိမိတို့ လှုပ်ရှား နယ်မြေအတွင်း၌ ခွင့်ပြုချက်မရှိဘဲ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အခြေချ လှုပ်ရှားခွင့်ပြုမည် မဟုတ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

တီးတိန်မြို့နယ်မှာ ဖွဲ့စည်းလှုပ်ရှားလျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)စခန်း တစ်ခုကို မေလ ၂၂ ရက်က ပထမ အကြိမ် အနေဖြင့် ဝင်ရောက် ဖျက်ဆီးခဲ့ပြီး ဇွန်လ ၁၆ ရက်တွင် ဒုတိယအကြိမ် ZRA မှ ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

ပူဇိုထန်က “အချင်းချင်းဆိုတော့ ဒီလိုဖြစ်တဲ့အချိန်မှာ သူတို့က မမျှော်လင့်ဘဲ လာတိုက်တော့ ကလေးတွေကလည်း ကိုယ့် ဟာနဲ့ကိုယ် ကာကွယ်တဲ့ အနေအထားလောက်ပဲ လုပ်တာလေ။ ဒါပေမယ့် သူတို့ ဝင်တိုက်တဲ့အခါကြတော့ မတိုက်လို့မရတဲ့ အခြေအနေဖြစ်တဲ့ အခါကြတော့ ကျနော်တို့က တိုက်တယ်။ ပြီးတော့ ကျနော်တို့ ဆုတ်ခွာလိုက်တာ။ အဲတော့ ဒီကိစ္စ ကျနော် တို့ လုံးဝမမျှော်လင့်တဲ့ ကိစ္စဖြစ်လာတဲ့ အခါကြ‌တော့ ရင်ထဲမှာတော့ ခံစားချက်က ရှိလာပြီပေါ့နော်။ ဒါမယ့် ကျနော်တို့ တိုက် လို့ ဘာမှ အကျိုးရှိမှာလည်း မဟုတ်ဆိုတာလည်း သိတယ်လေ။ အဲအခါကြတော့ ကျ‌နော်တို့က ဒီကိစ္စတော့ သူတို့ တောင်းပန် တာ မတောင်းပန်တာ အပထား၊ ကျနော်တို့ကတော့ ကောင်းကောင်း စဉ်းစားဆုံးဖြတ်တဲ့ ဒီကိစ္စတွေ ကျနော်တို့ အလကား တော့ ထားမှာတော့ မဟုတ်ဘူးပေါ့နော်။ အဲတာပြောချင်တာပေါ့နော်” ဟု CNI သို့ ပြောသည်။

ZRA သည် ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့ပြီ မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ၊ မြန်မာ-အိန္ဒိယနယ်စပ် စသည့် နေရာ ဒေသများတွင် လှုပ် ရှား လျက်ရှိသည်။