CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉

မိဘပြည်သူများအနေဖြင့် မိမိတို့ နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင် တရားမဝင် လက်နက် ခဲယမ်းများ သိမ်း ဆည်းထားပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်၍ လာရောက် အပ်နှံကြရန် နစက-က ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) ထုတ်ပြန် တိုက်တွန်းသွားခဲ့သည်။

အကြမ်းဖက်သူများနှင့် မသက်ဆိုင်သူများကို မလိုလားအပ်သော တရားဥပဒေရင်ဆိုင်မှုများ မရှိစေရေးအလို့ငှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးသည် အကြောင်းမျိုးမျိုးနှင့်နည်းမျိုးစုံဖြင့် မိမိတို့ နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင် တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းထားပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လာရောက်အပ်နှံကြရန် နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့နောက် သတ်မှတ်ရက်ကျော်လွန်ပြီးနောက် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရမည်ဟုလည်း ဆိုထားသည်။

နစက-က “တချို့သော သူများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ မသိနားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့်ကောင်းယူလျက် မိမိတို့၏ တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများ ကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်းစေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိပါသည်”ဟု ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် NUG၊ CRPH နှင့် PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် ခြင်း၊ နယ်စပ်ဒေသများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေး အမြတ်ထုတ်ရန် အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်နေသည့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်များနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသည်ဟု ဖော်ပြထားသည်။

ထို့နောက် နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူများထံမှလည်း ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းရမိလျက်ရှိပါသည်ဟု နစက-က ဆိုသည်။