စန်တီယာဂို၊ ဒီဇင်ဘာ ၂၀

ချီလီနိုင်ငံ၏ ယခင်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ထင်ရှားကျော်ကြားခဲ့သည့် လက်ဝဲယိမ်း လွှတ်တော်အမတ် တစ်ဦးသည် သမ္မတသစ်အဖြစ် ရွေးကောက်တင် မြှောက်ခံလိုက်ရပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

မဲရုံများ၏ ၉၉ ရာခိုင်နှုန်းနီးပါး အစီရင်ခံ ထုတ်ပြန်မှုနှင့်အတူ လက်ဝဲခေါင်းဆောင် ဂါဘရီယယ်ဘောရစ်သည် မဲစုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းကျော် အနိုင်ခဲ့ရပြီး ပြိုင်ဘက်ဖြစ်သူ ကွန်ဆာဗေးတစ် အန်တိုနီယိုကတ်က ၄၄ ရာခိုင်နှုန်းသာ ရရှိခဲ့ ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုအတွင်း ပြင်းထန်သော စကားလုံးများဖြင့် ခြားနားသော ယဉ်ကျေးမှုပုံစံဖြစ်ခဲ့သူ အန်တိုနီယိုကတ်က ၎င်း၏ရှုံးနိမ့်မှုကို ချက်ချင်း အသိ အမှတ်ပြုခဲ့ပြီး ပြိုင်ဘက် ဘောရစ်၏ ခမ်းနားစွာအောင်ပွဲခံမှုကို ဂုဏ်ပြုသည့် အနေဖြင့် တွစ်တာလူမှုကွန်ရက်တွင် သူ့ကိုယ်သူ ဓါတ်ပုံရိုက်တင်ခဲ့သည်။

အသက် ၃၅ နှစ်ရှိ ဘောရစ်သည် ချီလီနိုင်ငံ၏ အသက်အငယ်ဆုံးသမ္မတ ဖြစ်လာမည်ဖြစ်သည်။

ပုံ- ချီလီသမ္မတရွေးကောက်ပွဲ အနိုင်ရရှိခဲ့သူ ဂါဘရီယယ်ဘောရစ်။(AP)

ရာထူးမှ အနားယူပြီဖြစ်သည့် ကွန်ဆာဗေးတစ် ဘီလီလျံနာ ဆေဘာစတီယန်းပီညဲရာသည် သမ္မတသစ် ဘောရစ်နှင့်အတူ ၃ လတာ အာဏာလွှဲပြောင်းရေးကာလအအတွင်း အစိုးရသစ်ကို အပြည့်အဝ ပံ့ပိုးကူညီရန်အတွက် အွန်လိုင်း အစည်းအဝေး တစ်ခု ခေါ်ယူပေးခဲ့သည်။

“ကျနော်က ချီလီနိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ သမ္မတဖြစ်လာမှာပါ။ အခုလို ကြီးမားတဲ့စိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ ကျနော် အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ဘောရစ်က ပီညဲရာနှင့်အတူ ယှဉ်တွဲလျက် ရုပ်သံမိန့်ခွန်းကို အတိုချုံး ပြောကြားခဲ့ သည်။

မတ်လတွင် သမ္မတရာထူးကို ဆက်ခံရယူမည့် ဘောရစ်သည် ချီလီနိုင်ငံ၏ ဈေးကွက်ဦးတည်သည့် စီးပွားရေးပုံစံအပေါ် ပြည်သူများ မကျေမနပ်ဖြစ်စေခဲ့ပြီး ဆယ်စုနှစ်များစွာ စီးပွားရေးတိုးတက်စေဖို့ အရှိန်အဟုန်ဖြင့် တွန်းအားပေးခဲ့သော်လည်း မညီမျှမှု ဖြစ်စေခဲ့သည်ဟု ယူဆထားသည်။

ပုံ- ချီလီသမ္မတရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သူ အန်တိုနီယိုကတ်။(AP)

အဆိုပါ မညီမျှမှုသည် ၂၀၁၉ ခုနှစ်တွင် အမျက်ဒေါသကြီးမားသည့် လူမှုရေးဆိုင်ရာ အုံကြွမှုများ ဖြစ်ပေါ်စေခဲ့ပြီး တိုးတက် သော လက်ဝဲနိုင်ငံရေး ထွန်းကားလာမှုနှင့် ချီလီ၏ အာဏာရှင်ခေတ် ဖွဲ့စည်းပုံပြန်လည်ရေးဆွဲမှုတို့ ပေါင်းစပ်မိခြင်းကို မီး မောင်း ထိုးပြခဲ့သည်။

စန်တီယာဂိုမြို့တော်မှ အယ်လ်ဂျာဇီးယားသတင်းထောက် လူစီယာနယူးမန်းက ချီလီရွေးကောက်ပွဲအကြောင်း သတင်းပေးပို့ ရာတွင် “ကြည်နူးစရာ ကောင်းကြောင်း” မှတ်ချက် ချခဲ့သည်။

ဘောရစ်သည် ချီလီအနာဂတ်အတွက် ၎င်းနှင့် မတူကွဲပြားသော သဘောထားရှိသူများ အပါအဝင် ချီလီနိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ သမ္မတဖြစ်စေရမည်ဟု ကတိပြုထားကြောင်း၊ သူ့အစီအစဉ်က လူထုဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ သူ့အစီအစဉ်နှင့်အနာဂတ်က ပြည်သူတိုင်းအတွက် ပိုကောင်းလာစေမည်ဖြစ်ကြောင်း အမျိုးသမီးသတင်းထောက် လူစီယာက သတင်းပေးပို့ထားသည်။


Source: Aljazeera