၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ထိုင်းအာဏာပိုင်များက ကိုဗစ်အကြောင်းပြချက်ဖြင့် မဲဆောက်တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိနေသည့် လေး ကေ့ကော် ‌ဒေသခံများသို့ လှူဒါန်းမှုများ  ကန့်သတ်လိုက်ကြောင်း သွားရောက်ကူညီပေးနေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သို့ ပြောသည်။

ထိုင်းရောက် မြန်မာများအနေဖြင့် လှူဒါန်းမည့် စားသောက်ဖွယ်ရာ၊ ပစ္စည်းများအား ယခင်ကလို ကိုယ်တိုင် တိုက် ရိုက်ပေး၍ မရတော့ကာ ထိုင်းအာဏာပိုင်မှ သတ်မှတ်ပေးထားသည့် ဘုန်းကြီးကျောင်းတွင်သာ ထားခဲ့ရကြောင်း သိရသည်။

“ကျနော်တို့က သွားလှူတဲ့အခါကျရင် ကိုယ့်လူတွေကိုမတွေ့ရဘူးဆိုတော့ ဒါ ကန့်သတ် လိုက်တာပဲ။ ဘာလို့ဆို လှူဖွယ်ပစ္စည်းတွေကို သူတို့သတ်မှတ်ထားတဲ့နေရာမှာပဲ ထားမယ်ဆိုရင် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးနဲ့ အနွေးထည်၊ စောင်တွေပေ့ါနော် ဒါတွေကို ဘယ်ချိန်မှ ရောက်မလဲ ကျနော်တို့ မသိနိုင်ဘူး။ ကျ‌နော်တို့ကလည်း ခုနောက်ပိုင်းက ထိုင်းဘက်က ဒုက္ခသည်တွေကို ထိပ်တိုက်တွေ့ဖို့ မလွယ်တော့ဘူး။ ကိုဗစ်ကို အကြောင်းပြပြီး တော့ တားလိုက်တယ်။ တားလိုက်တော့ ကျနော်တို့လှူဖွယ်ပစ္စည်းတွေလည်း သတ်မှတ်ထားတဲ့ ဘုန်းကြီး ကျောင်းတစ်ခုမှာပဲထားထားရတယ်။ ဒုက္ခသည်တွေလက်ထဲကို ကျနော်တို့ ပေးချင်တဲ့သူကို  ပေးလို့မရဘူးပေါ့” ဟု ကိုသားကြီးက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာသည့် လေး‌ကေ့ကော်ဒေသခံများအား ထိုင်းဘက်မှ ဝင်ခွင့်မပေးသည့်အတွက် သောင်းရင်းမြစ်(ထိုင်းဘက်အခြမ်း) ကမ်းနားတွင် ခေတ္တနေကြရကြောင်းသိရသည်။

လက်ရှိတွင် ထိုင်းဘက်သို့ ရောက်ရှိနေသည့် လေးကေ့ကော်မှ တိုက်ပွဲရှောင်ဦးရေမှာ ၅၀၀၀ ဝန်းကျင်ခန့်ရှိပြီ ဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှောများဖြစ်ပွားနေကြကာ ကျန်းမာရေးစောင့်ရှောက်မှုများ၊  အစားအသောက်များနှင့် စောင် အနွေးထည် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

“တကယ်တာဝန်ရှိတဲ့အစိုးရကနေ ကိုယ့်ပြည်သူတွေကို G to G အစိုးရချင်းချိတ်ပြီးတော့လေ ကျန်းမာရေးကုသမှု ကို အဓိကထားပြီးတော့ ကူညီပေးစေချင်တယ်။ ပြောချင်တာကတော့ ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေနဲ့ အလှူ ရှင်တွေနဲ့ ထိပ်တိုက်တွေ့ဖို့ မလွယ်တော့ဘူး။ အဲ့တော့ ကိုယ့်လူတွေရဲ့လက်ထဲကို ကျန်းမာရေး စောင့်ရှောက်မှု တွေ ဆေးဝါးတွေကို လှူပေးနိုင်ဖို့အတွက်က တကယ် အဖွဲ့အစည်းသော်လည်းကောင်း အစိုးရသော်လည်း ကောင်း G to G ချိတ်ပြီးတော့မှ အကူအညီပေးစေချင်တယ်” ဟု ကိုသားကြီးက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊လေးကေ့ကော်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက ပစ်ခတ်မှုစတင်ကာ တိုက်ပွဲ များဖြစ်ပွားနေခြင်းဖြစ်သည်။

လေးကေ့ကော်မြို့သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ သဘောတူညီမှု ရယူကာ နိပွန်း ဖောင်ဒေးရှင်း၏ ထောက်ပံ့ကူညီမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

၎င်းနေရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များ အဓိကလှုပ်ရှားကာ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် တပ်မ‌တော်တို့ ရှိသည်။