CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားတွင် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (FPNCC) နှင့် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံနေပြီး လက်နက်ကိုင်အဖွဲ့ တချို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

 အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ၏ ဌာနချုပ်တည်ရှိရာ မိုင်းလားတွင် ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

 နစက-က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးဖို့ရှိပါတယ်။ ထွက်လာတဲ့ ရလဒ်တွေကိုတော့ အချိန်တန်ရင် ထုတ် ပြန်ပေးပါမယ်။ ၁၅ ရက်နေ့ တွေ့ဆုံဖို့ ရှိပါတယ်”ဟု ပြောသည်။ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ဗိုလ်မှူးကြီးနော်ဘူက မိမိအနေဖြင့် ယင်းအစည်းအဝေးနှင့် ပတ်သက်၍ မသိရှိသေး သလို အထက်မှ ညွန်ကြားခြင်းလည်း မရှိကြောင်း ပြောသည်။​ 

ဗိုလ်မှူးကြီး နော်ဘူက “အဲတာကျနော် မကြားဘူးခင်ဗျ။ ကျနော် အဲဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး ဘာမှမကြားဘူး။ ကျနော် တို့ကို တရားဝင် ညွှန်ကြားတာလဲ ဘာမှမရှိဘူး။ သွားတာလဲ ကျနော်မကြားမိပါဘူးခင်ဗျ။ ဟုတ်ကဲ့ပါ။ အစည်းအဝေး တက် ရောက်တယ်ဆိုတဲ့ သတင်း ကျနော်တို့ကို ဘာမှညွှန်ကြားတာ မရှိဘူး။ တက်ရောက်တယ်ဆိုလို့ရှိရင် ကျနော်တို့ကို ညွှန်ကြား တာလဲရှိမှာပါ။ ခုထိတော့ ဗဟိုကော်မတီကနေ ကျနော်တို့ကို ညွှန်ကြားတာ မရှိပါဘူး” ဟု CNI သို့ ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက SSPP အနေဖြင့် တက်ရောက်မှု ရှိသော် လည်း မည်သည့် အကြောင်းအရာကို ဆွေးနွေးမလဲဆိုတာ မသိရှိရသေးကြောင်း ပြောသည်။​

ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက “တက်တော့ တက်ပါတယ်။ အခြေအနေတော့ မသိသေးဘူး။ မပြောတတ်သေးဘူး။ အဲတာ အဖွဲ့တော့ စုံတယ်။ တက်ဖြစ် မတက်ဖြစ် မသိသေးဘူး။ ကျနော်လည်း အသေးစိတ် မသိသေးဘူး ဖြစ်နေတယ်။ အဲတာက ရှိတယ်။ စိုင်းဘထွန်းတို့ တက်တယ်။ လောလောဆယ်တော့ အဲတာ ထူးခြားမှုတော့ မရှိသေးပါဘူး။ ဟုတ်တယ်။ ဟုတ်တယ်။ ကိုဗစ်ကြောင့် တအားတင်းကြပ်နေတယ်လို့ သိရတယ်။ အသွားအလာတွေကိုပေါ့နော်”ဟု CNI သို့ ပြောသည်။

လက်ရှိ တွေ့ဆုံဆွေးနွေးပွဲကို FPNCC မှ အဖွဲ့ဝင် (၇) ဖွဲ့အနက် (၆) ဖွဲ့သာ တက်ရောက်ကြောင်း KIA မှာ ၎င်းတို့ ဒေသတွင် ကိုဗစ် ၁၉ ကူးစက်မှု ဖြစ်ပွားနေခြင်းကြောင်း တက်ရောက်ခြင်း မရှိဟု သိရသည်။

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (TNLA) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး မိုင်းအိုက်ကျော်က မိမိအနေဖြင့် တွေ့ဆုံ ဆွေးနွေး ပွဲကို မသိရှိရသေးကြောင်းနှင့် အထက်လူကြီးများကလည်း ညွှန်ကြားခြင်းမရှိကြောင်း ပြောသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကျနော်တို့ဘက်မှ အထက်က လူကြီးတွေလည်း ဘာမှ ပြောလာတာ မရှိသေးဘူး။ တက်မတက် ဆိုတာလည်း ကျနော်မသိသေးဘူး။ ဒီအစည်းအဝေး လုပ်မယ်ဆိုတာလည်း မသိရသေးဘူး။ ကျနော်တို့ဘာမှ မသိရသေးဘူး အထက်ကလည်း မပြောလာသေးဘူး” ဟု CNI သို့ ပြောသည်။

FPNCC ကို KIA၊ SSPP၊ NDAA၊ TNLA၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNDAA) တို့ဖြစ် ဖွဲ့စည်းထားသည်။

အဆိုပါ အဖွဲ့များသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်​(NCA) ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးဘဲ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးလျက်ရှိသည်။