CNI International News
အဘူဒါဘီ၊ ဒီဇင်ဘာ ၁၅
အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)သည် အမေရိကန်လုပ် F-35 တိုက်လေယာဉ်များ ဝယ်ယူရန် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ဖိုးရှိသည့် သဘောတူညီချက်ကို ဆိုင်းငံ့လိုက်ပြီး ရေနံကြွယ်ဝသော အဆိုပါနိုင်ငံသို့ တရုတ်နည်းပညာ ရောင်းချမှုကို ကန့်သတ်ရန် ဝါရှင်တန်က ကြိုးပမ်းလာ၍ ယူအေအီးအနေဖြင့် စိတ်ပျက်လာခဲ့ကြောင်း စီအင်န်အင်န် သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
“F-35 တိုက်လေယာဉ်ရရန် ဆွေးနွေးမှုများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ယူအေအီးက အမေရိကန်သို့ အသိပေးခဲ့ကြောင်း” ယူအေအီး ထိပ်တန်းအရာရှိတစ်ဦးက စီအင်န်အင်န်သို့ ပြောသည်။
“နည်းပညာဆိုင်ရာ လိုအပ်ချက်များ၊ အချုပ်အခြာအာဏာဆိုင်ရာ အကန့်အသတ်များ၊ ကုန်ကျစရိတ်နှင့် အကျိုးခံစားခွင့် ခွဲ ခြမ်း စိတ်ဖြာခြင်းတို့က ပြန်လည် အကဲဖြတ်ရေးဆီသို့ ဦးတည်သွားခဲ့ကြောင်း၊ ယူအေအီးနှင့် အမေရိကန်တို့က အဆိုပါ အရောင်းအဝယ် ကိစ္စအတွက် ကာကွယ်ရေး၊ လုံခြုံရေး အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နားလည်မှု တစ်ခုဆီသို့ ချဉ်းကပ်နေတယ်”ဟု အထက်ပါ ယူအေအီးအရာရှိက ဆက်လက် ပြောကြားခဲ့သည်။
ပုံ-UAE က ဝယ်ယူလိုသည့် F-35 တိုက်လေယာဉ်ကိုတွေ့ရစဉ်။
“ယူအေအီးအတွက် အဆင့်မြင့် ကာကွယ်ရေး လိုအပ်ချက်များ အဓိကပံ့ပိုးသူအဖြစ် အမေရိကန်က ဆက်ရှိနေမှာ ဖြစ်ပါ တယ်။ နောင်ကာလတွေမှာ F-35 အတွက် ဆွေးနွေးမှုတွေ ပြန်စမှာပါ” ဟု ၎င်းက ရှင်းပြသည်။
ယူအေအီးနှင့် အစ္စရေးတို့အကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ သဘောတူညီချက်၏ အခြေခံအဖြစ် ရှုမြင်ထားသည့် ဆွေးနွေးမှုကိုလည်း အိမ်ဖြူတော်က ကတိပြုထားဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောကြားခဲ့သည်။
အာရပ်ကမ္ဘာ၏ အရေးပါသော ယူအေအီးသို့ လွှဲပြောင်းရောင်းချမည့် အမေရိကန်၏ အဆန်းသစ်ဆုံး လက်နက်များ ပါဝင် ထားသည့် အဆိုပါ အရောင်းအဝယ်ကိစ္စသည် ထိုးနှက်ချက်များလှသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်၌ ပင်တဂွန် စစ်ရေးသတင်း ပြန်ကြားရေးတာဝန်ခံ ဂျွန်ကာဘီက နှစ်နိုင်ငံစလုံး၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် အမေရိကန်အနေဖြင့် ယူအေအီးနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
“ယူအေအီးနဲ့အမေရိကန် ပူးပေါင်းဆောင်ရွက်မှုဟာ လက်နက်ရောင်းချမှုထက် ပိုပြီး ဗျူဟာမြောက်ပြီး ရှုပ်ထွေးပါတယ်” ဟု ဂျွန်ကာဘီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Source: CNN