CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅
ဝါရှင်တန်နှင့် ဘေဂျင်းတို့အကြား တင်းမာသော ဆက်ဆံရေးအတွက် အန္တရာယ်ရှိသော်လည်း တိဘက်လူမျိုး၏ အခွင့်အရေး အတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်တွေ့ဆုံရန် သမ္မတ ဂျိုးဘိုင်ဒန်ကို အမေရိကန်ကွန်ဂရက်(လွှတ်တော်)မှ ဒီမိုကရက် တစ်နှင့် ရီပတ်ဘလီကန်အမတ်များက တိုက်တွန်းခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်း တစ်ပုဒ်တွင် တွေ့ရသည်။
၁၉၉၁ ခုနှစ် ဂျော့အိတ်ချ်ဒဗလျူဘုရှ် လက်ထက်ကတည်းက ခေတ်အဆက်ဆက် အမေရိကန်သမ္မတတိုင်း (ဒေါ်နယ်ထရမ့်မှ အပ) တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့ကြပြီး ယခုအသက် ၈၆ နှစ်ရှိပြီဖြစ်သည့် ဒလိုင်းလားမားသည်လည်း ခရီးသွားလာနိုင်မှု နှေးကွေးသွားခဲ့ပြီ ဖြစ်သည်။
သမ္မတထံ ပေးပို့တိုက်တွန်းကြသည့် အလားတူ စာများထဲတွင် ဆီးနိတ်အမတ် ၃၈ ဦးနှင့် အောက်လွှတ်တော်အမတ် ၂၇ ဦးတို့ က ပြီးခဲ့သည့် ၁၂ နှစ်ကတည်းက ရပ်တန့်ခဲ့သော ဒလိုင်းလားမားနှင့် တွေ့ဆုံမှု ပြန်လည် စတင်ခြင်းအားဖြင့် တရုတ်ကို ဖိအား ပေးရန် တောင်းဆိုခဲ့ကြသည်။
“သမ္မတဘိုင်ဒန် အနေဖြင့် ဘဲဥပုံရုံးခန်းတွင် ဘုန်းတော်ကြီးနှင့် တွေ့ဆုံရန် ဖိတ်ကြားခြင်းဖြင့် ကိုယ်ကျင့်တရားနှင့် စံနမူနာတို့ အရေးကြီးပုံကို ပြသနိုင်ကြောင်း” ဆီးနိတ်အမတ်များ၏ ပေးစာထဲတွင် ရေးသားထားသည်။
ပုံ-ဒလိုင်းလားမားနဲ့ဘိုင်ဒန်ကိုတွေ့ရစဉ်။
တိဘက်အရေးကို အာရုံစိုက်ခြင်းသည် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို ဦးစားပေးသည့် မူဝါဒဖြစ်စေသည့်အပြင် လက် တွေ့ကျသော နိုင်ငံခြားရေးမူဝါဒကို ထင်သာမြင်သာ ပေါ်လွင်စေမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီမှ ပက်ထရစ်လီယာ ဟေး (Patrick Leahy) နှင့် ရီပက်ဘလီကန်အမတ် မာကိုရူဘီအိုတို့ ဦးဆောင်၍ ရေးသားပေးပို့သော သမ္မတထံ ပေးစာထဲ တွင် ဆက်လက် ဖော်ပြထားသည်။
အကယ်၍ ဒလိုင်းလားမား ခရီးမသွားနိုင်ပါက အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟဲရစ် (သို့မဟုတ်) အခြားထိပ်တန်း အရာရှိ တစ်ဦးကို အိန္ဒိယတွင် ဒလိုင်းလားမားနှင့်တွေ့ဆုံရန် ဘိုင်ဒန်အနေဖြင့် စေလွှတ်သင့်ကြောင်း ဆီးနိတ်အမတ်များက တိုက်တွန်းခဲ့ကြသည်။
၁၉၅၉ ခုနှစ်တွင် တိဘက်ဒေသ၌ တရုတ်တို့ ထိုးစစ်ကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒလိုင်းလားမားသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။
တွေ့ဆုံဆွေးနွေးရေးကို တရုတ်တို့ စိတ်မဝင်စားကြခြင်းကြောင့် ဘေဂျင်းသည် ဒလိုင်းလားမား လှုပ်ရှားမှုကို စောင့်ကြည့် နေသည့် သဘောရှိကြောင်း နိုင်ငံရေးလေ့လာသူ အများအပြားက ယုံကြည်ထားကြသည်။
တိဘက်တွင် ဒလိုင်းလားမား တည်ဆောက်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုသည် ယဉ်ကျေးမှုဆိုင်ရာ သရုပ်လက္ခဏာ ဖြစ်သော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ ဦးဆောင်မှုမပါဘဲ ပြောင်းလဲနိုင်ခြင်း ရှိ/မရှိ ဆန်းစစ်နေကြသည်။
ယခု သမ္မတထံ ပေးစာကို အရပ်ဘက်လူ့အဖွဲ့အစည်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံခြားရေးအတွင်းဝန် အူဇရာဇီယာထံသို့ လွှတ်တော်အမတ်များက ပေးပို့ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အတွင်းဝန်သည် တိဘက်ဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် အလားအလာ ကောင်းနေသူဖြစ်သည်။
Source: Aljazeera