၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ် တောင်ကုတ်မြို့၏ စည်ပင်နယ်နမိတ်နှင့် လူနေရပ်ကွက်အတွင်း စက်သုံးဆီဆိုင် ဆောက်လုပ်နေမှု ကို ရပ်တန့်ရန် ဒေသခံများက ကန့်ကွက် တောင်းဆိုနေကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် စက်သုံးဆီဆိုင်များကို မြို့တွင်းတွင် ရောင်းချခြင်းမပြုဘဲ မြို့ပြင်တွင်သာ ရောင်းချရန် သတ်မှတ်ထားကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးကိုလေး (အမည်လွှဲ)က CNI သတင်းဌာနကို ပြောသည်။
“အခုက ကိုင်းရှည်ရပ်ကွက်၊ အာလိန်ငါးဆင့်ဘုန်းကြီးကျောင်းအရှေ့မှာ ဆီဆိုင်တစ်ဆိုင်ကတော့ လက်ရှိ ဆောက် နေတယ်ပေါ့။ ဆီဆိုင်အသစ်ဆောက်နေတယ်။ သူက ဆိုင်အသစ်ဆောက်နေတယ်။ ရပ်ကွက်ထဲလည်းဖြစ်တယ်။ ပြီးတော့ ဘေးပတ်ဝန်းကျင်တွေမှာလည်း အိမ်တွေလည်းရှိတယ်။ ပြီးလို့ရှိရင် စည်ပင်နယ်နိမိတ်အတွင်းထဲမှာ လည်း ကျရောက်နေတယ်။ ၂၀၁၂ က မြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေးအဖွဲ့ထုတ်ထားတဲ့ ဥပဒေနဲ့လည်း သူက ချိုးဖောက်နေတယ်ပေါ့။ ရပ်ကွက်ထဲမှာ ဆီဆိုင်ဆောက်နေတဲ့အခါ၊ ကျနော်တို့လည်း မြို့ပြင်မှာ ထွက် ရောင်းနေတဲ့အခါ ဒါက ဥပဒေကို ချိုးဖောက်ရာကျတယ်။ ပြီးရင် သူက မြို့ပြင်မှာ မဟုတ်ဘူး၊ မြို့ထဲမှာ ရောင်းတဲ့ အတွက်ကြောင့် ကျနော်တို့က မီးဘေးအန္တရာယ် စိုးရိမ်လို့ သူ့ဆီဆိုင်ဆောက်တာကို ကျနော်တို့ ကန့်ကွက် ရတာပါ” ဟု ဦးကိုလေး (အမည်လွှဲ)က CNI သတင်းဌာနကို ပြောသည်။
၂၀၁၂ ခုနှစ်က တောင်ကုတ်မြို့ဈေးအနီးရှိ စက်သုံးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စက်သုံးဆီ ဆိုင်များအားလုံး မြို့ပြင်တွင် ရောင်းချရန် သတ်မှတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ကိုင်းရှည်ရပ်ကွက်နေ ပြည်သူတစ်ဦးက “ကျနော်တို့က လိုတော့မလိုလားဘူးပေါ့။ အဲဒီအပိုင်းထဲမှာဆိုတော့ ဆီဆိုင်ကြီးနဲ့မသင့်တော်ဘူးလို့ ထင်တာပဲ။ အဲဒါကြောင့် လက်မှတ်ထိုးပေးလိုက်တာ” ဟု CNI ကို ပြောသည်။
လက်ရှိ ဆောက်လုပ်နေသည့် စက်သုံးဆီဆိုင်သည် မည်သည့်အာဏာပိုင်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေခြင်းကို မသိရှိရဘဲ ဆိုင်ဆောက်လုပ်မှုမှာ ၄၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စက်သုံးဆီဆိုင်ဆောက်လုပ်နေသည့် ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းထံ CNI မှ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
စက်သုံးဆီဆိုင်ဆောက်လုပ်နေမှုကို ဒေသခံများက ကန့်ကွက်နေသော်လည်း အဆိုပါ ဆောက်လုပ်မှုကို ဆက်လက်လုပ်ဆောင်နေပြီး အာဏာပိုင်များမှ လာရောက်ကန့်ကွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့၌ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၎င်းနောက် မြို့ အတွင်း စက်သုံးဆီရောင်းချခွင့်မပြုတော့ဘဲ မြို့ပြင်တွင် ရောင်းချရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။