CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄

ပြီးခဲ့သည့် ဩဂုတ်လက အာဖဂန်နစ္စတန်နိုင်ငံတွင် လူ ၁၀ သေဆုံးခဲ့သည့် ဒရုန်းတိုက်ခိုက်မှုအတွက် အမေရိကန်တပ်ဖွဲ့ဝင် (သို့မဟုတ်) အစိုးရတာဝန်ရှိသူများကို အရေးယူမည်မဟုတ်ကြောင်း အမေရိကန်စစ်ဘက် ပင်တဂွန်ဌာနချုပ်က ပြောသည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း၌ သတင်းဖော်ပြထားသည်။

အာဖဂန်ကို တာလီဘန်တို့ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကဘူးလ်မြို့ ဘေးလွတ်ရာသို့ အမေရိကန် ဦးဆောင်သည့် အစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေစဉ် နောက်ဆုံးရက်ပိုင်း၌ ဒရုန်းတိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်တွင် အကူအညီပေးရေး ဝန်ထမ်းတစ်ဦးနှင့် ၎င်း၏ မိသားစုဝင် ၉ ဦးတို့ သေဆုံးခဲ့ရာ ကလေးငယ် ၇ ဦးလည်း အပါအဝင် ဖြစ်သည်။

အဆိုပါ အကူအညီပေးရေး ဝန်ထမ်း၏ မော်တော်ယာဉ်သည် IS-K အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည်ဟု အမေရိကန် ထောက်လှမ်းရေးက ယုံကြည်ထားသည်။

သို့သော် နောက်ပိုင်းတွင် အမေရိကန် ဗဟိုစစ်ဌာနချုပ် ပင်တဂွန်မှ ဗိုလ်ချုပ်ကြီး ကန်းနစ်မက်ကန်ဇိုင်းက ဩဂုတ် ၂၉ ရက် ဒရုန်းဖြင့် တိုက်ခိုက်မှုသည် ကြေကွဲစရာ မှားယွင်းမှုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပုံ-အမေရိကန်တပ်ဖွဲ့၀င်များကိုတွေ့ရစဉ်။

ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့သော အမေရိကန်စစ်ဘက် အဆင့်မြင့် ဌာနအတွင်း ပြန်လည်သုံးသပ်ချက်တစ်ခုတွင် ယင်း ဒရုန်း တိုက်ခိုက်မှုသည် စည်းကမ်းဖောက်ဖျက်မှု မရှိကြောင်း၊ အကျင့်ပျက်ခြစားမှု (သို့မဟုတ်) ပေါ့ဆမှု အထောက် အထား များလည်း မရှိသဖြင့် စည်းကမ်းပိုင်းဆိုင်ရာလည်း အရေးယူရန် မလိုအပ်ကြောင်း ကောက်ချက်ချခဲ့သည်။

အဆိုပါ သုံးသပ်ချက်ကို ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဒီဇင်ဘာ ၁၃ ရက်တွင် အတည်ပြုခဲ့ကြောင်း အမေရိကန် မီဒီယာအချို့က သတင်းဖော်ပြခဲ့ကြသည်။

ကဘူးလ်လေဆိပ် အပြင်ဘက်တွင် အသေခံဗုံးခွဲသူတစ်ဦး၏ လက်ချက်ကြောင့် အရပ်သား ၁၇၀ နှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ရပြီးနောက် ရက်ပိုင်းအကြာ အမေရိကန်တို့က ဒရုန်းဖြင့် အာဖဂန်အကူအညီပေးရေး ဝန်ထမ်းတစ်ဦး၏ မိသားစုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အကူအညီပေးရေးဝန်ထမ်း ဇာမိုင်ရီအာဖက်ဒီ၏ မော်တော်ယာဉ်ကို အမေရိကန်တပ်ဖွဲ့က ပစ်မှတ်ထား၍ လေဆိပ်မှ ၃ ကီလိုမီတာ (၁ ဒသမ ၈မိုင်) အကွာရှိ ၎င်း၏နေအိမ်ကို ချိန်ရွယ်လျက် ဒရုန်းပစ်လွှတ်ခဲ့သည်။

၎င်းမော်တော်ယာဉ်သည် IS-K အဖွဲ့နှင့် ဆက်နွှယ်နေသည့် ခြံဝင်းတစ်ခုအတွင်း မြင်တွေ့ခဲ့ရပြီး အဆိုပါ အကြမ်းဖက် အဖွဲ့ အနေဖြင့် နောက်ထပ် တိုက်ခိုက်မည်ဆိုသည့် ထောက်လှမ်းရေး သတင်းများအပေါ် အခြေခံ၍ အမေရိကန်စစ်ဘက်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Source: BBC